Home
Lead Story
ရှမ်းမန်းစစ်ဆင်ရေးတွင် သံချပ်ကာကား ၁ စီး ဖျက်ဆီးနိုင်၊  ဒုဗိုလ်မှူးကြီးအပါ  စစ်သုံ့ပန်းများနှင့် လက်နက်များရရှိ 
DVB
·
July 9, 2024
Photo - ပြင်ဦးလွင်ခရိုင် ပကဖ တပ်ဖွဲ့၀င်တဦး

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ တိုင်းရင်းသားတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ဖော်ဆောင်နေတဲ့ ရှမ်းမန်းစစ်ဆင်ရေးတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတစီးကို ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ဖျက်ဆီးနိုင်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်တွေ ဖမ်းဆီးရရှိခဲ့ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “မန္တလေးနန်းတွင်းကနေ စစ်ကူထွက်လာတဲ့ သံချပ်ကာကား ၂ စီးထဲက ၁ စီးကို RPG 7 နဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကားဘီးတွေ ပျက်စီးသွားပြီး မောင်းမရတော့လို့ ကျန်တဲ့ကားတစီးနဲ့ ဆွဲပြီး နောက်ရင်းပြန်ဆုတ်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ၂ ရက်အတွင်းမှာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး သေနတ် ၉ လက်နဲ့ ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ခံတဦးက “ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းတွေအတွက် ချမှတ်ထားတဲ့ ဂျီနီဗာကွန်ဗန်းရှင်းနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတဲ့ နေရာကိုတော့ စစ်ရေးလုံခြုံမှုအရ မပြောပြနိုင်တာကို နားလည်ပေးပါ” လို့  ပြောတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ မတ္တရာမြို့နယ် တိုက်နယ် ၂ ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ နဲ့ ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက် မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဇူလိုင် ၂ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ရှမ်းမန်းစစ်ဆင်ရေး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တောက် တိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၁၆ ဦး အပါအဝင် မော်တော်ယာဥ် ၄ စီးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့သေးတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်း ၅ ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး လှိုင်ထွန်းအောင် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်း အ​များအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (မန္တလေး-PDF) က ဇူလိုင် ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မန္တလေး-PDF စစ်ဦးစီးအဖွဲ့ တာဝန်ခံတဦးက “စဥ့်ကူးမြို့နယ်ထဲကဆိုရင် စစ်ကောင်စီတပ်စခန်း ၁၁ ခုအထိ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပါပြီ။ စခန်းသိမ်းတိုက်ပွဲတွေကနေ စစ်ကောင်စီတပ်ဘက်က ဒုတပ်မှူးအဆင့်ရှိတဲ့ OTC အပါတ်စဥ် ၁၉ ဆင်း ဒုတိယဗိုလ်မှူးကြီး လှိုင်ထွန်းအောင် အပါအဝင် စစ်သား ၁၅ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း အ​များအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေဟာ စဉ့်ကူးစစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ချပေးခဲ့တဲ့ လက်နက်ခဲယမ်းအထုပ်တွေ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီးတွေလည်း လက်နက်ချ အလင်းဝင်ရောက်လာကာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်း ၅ ခုကို ထပ်မံသိမ်းပိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “စဉ့်ကူးမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီဂိတ်စခန်းတွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ် နေထိုင်တာတွေ မပြုလုပ်ကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် စဉ့်ကူးမြို့နယ်အတွင်း စစ်ဆင်ရေးဆောင်ရွက်နေချိန်မှာ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောက်ပို့ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ကူညီပံ့ပိုးပေးနေပါတယ်။

ဇူလိုင် ၃ ရက်မှာ ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီတပ်စခန်း၊ ရွာတော်လေးတပ်စခန်းနဲ့ နွယ်ရုံရဲစခန်း ၆ ခုကို သိမ်းပိုက်ရရှိထားပြီး နောက်ထပ် စစ်ကောင်စီတပ်စခန်း ၅ ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့တဲ့အတွက် စဉ့်ကူးမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ ခုအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၂၅ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိထားတာဖြစ်ပြီး မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း အရှေ့ပိုင်း မြို့ပြင်ရှုခင်းသာမှ ၅ မိုင်အကွာရှိ စစ်ကောင်စီ တပ်စခန်းမှာ ဇူလိုင် ၈ ရက် နေ့ခင်းပိုင်းက စတင်ပြီး ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ ၅ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီး၊ လက်နက်ငယ် ဆက်တိုက်ပစ်ခတ်သံတွေ ကြားနေရပြီး ညနေ ၃ နာရီဝန်းကျင်မှာလည်း စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“နေ့ခင်းကတည်းက ဆက်တိုက်ပစ်နေတာ၊ အသံတွေကို စုံနေတာပဲ၊ ဘာလက်နက်တွေ သုံးပြီး ပစ်လဲဆိုတာကို မသိဘူး၊ လေယာဥ်လာကြဲတာလည်း ၃ လုံးကြဲတယ်၊ မြို့ထဲမဟုတ်တော့ လူထိတာမရှိဘူး။”

မိုးကုတ်မြို့အရှေ့ပိုင်း မြို့ပြင်ဘက်မှာ ဖြစ်နေပေမဲ့ မြို့တွင်းထဲက အောင်မြေသုခရပ်ကွက်၊ မင်္ဂလာကန်တော်(မှုံကွင်း)ထဲကို လက်နက်ကြီးကျတာရှိပေမဲ့ လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ဗျူဟာကုန်းကနေ ဇူလိုင် ၇ ရက် ညပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာကြောင့် ပန်းမထိပ်ရပ်ကွက်က ဘုန်းကြီးကျောင်းဆောင် ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024