ကချင်ပြည်နယ်မှာ မိုးရွာသွန်းမှု များပြီးနောက် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း တချို့နေရာတွေ ပျက်စီးနေတဲ့အတွက် မော်တော်ယာဉ်တွေ သွားလာမရဘူးလို့ ယာဉ်မောင်းတွေထံက သိရပါတယ်။
မိုးရွာသွန်းမှုများပြီး မြစ်ကြီးနား-ပူတာအို လမ်းပိုင်း တချို့နေရာတွေမှာ လမ်းပျက်စီးတာ၊ မြေပြိုမှု ဖြစ်ပွားတာတွေကြောင့် မော်တော်ယာဉ်တွေ သွားလာမရတော့ကြောင်း မြစ်ကြီးနား-ပူတာအို မော်တော်ယာဉ်မောင်းတဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်တွေက မိုးအတော်ရွာလိုက်တယ်။ အဲဒီမှာ ပူတာအိုလမ်းက တောင်နံရံတွေ ပြိုကျတယ်။ တောင်နံရံတွေ ပြိုကျပြီး လမ်းတွေပိတ်နေတော့ မြစ်ကြီးနားဘက်ကလာတဲ့ ကားလည်း တက်မရသလို ပူတာအိုကဆင်းတဲ့ ကားတွေလည်း အန္တရာယ်ဖြစ်မှာစိုးလို့ မဆင်းရဲကြဘူး။ ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကစပြီး ကျနော်လည်း မြစ်ကြီးနား-ပူတာအို ကားအတက်အဆင်း နားထားတယ်။”
မိုးရွာသွန်းမှုများပြီး တောင်နံရံပြိုကျမှု၊ မြေသားအက်ကွဲမှု၊ မြေပြိုကျမှုတွေဟာ ဖုန်ကျန်းကျေးရွာအနီးမှာ အများဆုံးဖြစ်ပွားနေပြီး ဘတ်ဟိုးတွေနဲ့ ရှင်းလင်းတာ၊ မြေဖို့တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
မြစ်ကြီးနား-ပူတာအို ကားလမ်းကို ပြီးခဲ့တဲ့ မတ် ၉ ရက်က စတင်ကာ ၃ လအကြာ ပိတ်ပင်ထားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ဇွန် ၈ ရက်မှာ စားသောက်ကုန်ပါ မော်တော်ယာဉ် ၁၄ စီး ပူတာအိုကို စတင်ထွက်ခွာခွင့် ပြုခဲ့ပါတယ်။