Home
Lead Story
ချင်းကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်နေသဖြင့် မတူပီစစ်ရှောင်များ နေရပ်မပြန်ရ
DVB
·
July 9, 2024

ချင်းပြည်နယ်၊ မတူပီမြို့မှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ပူးပေါင်းတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ နေရပ်မပြန်နိုင်သေးဘူးလို့ စစ်ရှောင်အကူအညီပေးသူတွေက ပြောပါတယ်။

ဇွန် ၁၈ ရက် မနက်ပိုင်းကစပြီး ဇူလိုင် ၇ ရက်အထိ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာပါ။

မတူပီမြို့ပေါ်နဲ့ မတူပီ-ပလက်ဝ လမ်းမပေါ်က ကျေးရွာ ၆ ရွာက စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀ နီးပါး နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတဦးက “ပဋိပက္ခတွေဖြစ်နေတော့ ကျနော်တို့ ဘယ်တော့ ရွာပြန်ရမလဲဆိုတာ အတိအကျ မသိသေးဘူး။ တိုက်ပွဲက တောက်လျှောက်ပဲ၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ပစ်နေတာ။ အစားအသောက်ကတော့ ရွာသူရွာသားတွေ ပံ့ပိုးတာရှိတယ်၊ အဖွဲ့အစည်းတွေက ပေးတာတော့ မရသေးဘူး” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ တောင်ယာတွေနဲ့ တောတောင်တွေမှာ နေထိုင်နေကြရပြီး အမိုးအကာ မလုံလောက်တဲ့အတွက် ရာသီတုပ်ကွေး ဖျားနာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

CDF မတူပီ တပ်မဟာ-၁ တပ်ဖွဲ့ဝင်တဦးက “မြို့တွင်းရှင်းလင်းရေး လုပ်နေတယ်၊ အလုပ်တော့ သိပ်မဖြစ်ဘူးဗျ၊ မြို့ပြင်လုံခြုံရေး ရဲဘော်တွေကို CNA ဘက်က တိုက်ခိုက်နေတော့၊ မြို့တွင်း ပြန်လည်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လို့ မရပါဘူး၊ စစ်ရှောင်တွေက ပြန်လို့မရသေးပါဘူး၊ လုံးဝ မလုံခြုံသေးတာပါ၊ CNA နဲ့ ပူးပေါင်းတပ်ဘက်က ချုံခိုပစ် ဒရုန်းနဲ့ပစ်တာ ဆက်တိုက်လုပ်နေတော့ စစ်ရေးက တင်းမာဆဲမို့လို့ပါ” လို့ ပြောပါတယ်။

ဇွန် ၂၉ ရက်မှာ မတူပီမြို့ကို ချင်းညီနောင် Operation CB အဖြစ် အာရက္ခတပ်တော် AA၊ Yaw Army YA၊ Yaw Defense Force YDF တို့က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013