ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စုမှာ စစ်မှုထမ်းကိစ္စတွေမှာ အရပ်သားတွေအပေါ် ဖိအားပေးတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတာနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ ၄ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ဆောင်ဘုံကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ဦးအေးကျော် ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်က သုံးအိမ်စုကျေးရွာက အမျိုးသားတယောက် စစ်မှုထမ်းမဲပေါက်တဲ့ကိစ္စ သွားပြောချိန်မှာ ဓားနဲ့အထိုးခံရတာလို့ သိရပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇူလိုင် ၇ ရက်မှာ ဒေသခံလူငယ် ၂ ယောက်နဲ့ ၈ ရက်မှာ နောက်ထပ် လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“၄ ယောက် ဖမ်းထားတယ်၊ အဖမ်းခံရသူတွေကို ဘယ်မှာထားတယ်ဆိုတာတော့ မသိသေးဘူး။ ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စတွေမှာ ဒေသခံတွေအပေါ် အရမ်းဖိအားပေးတယ်။”
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ဘယ်သူထိုးသွားမှန်းမသိဘဲ အခုတော့ စွပ်စွဲဖမ်းဆီးခံရတာ။ အိမ်တွေမှာ သွားဖမ်းတာ၊ အသက် ၂၀ ကျော်က ၃ ယောက်နဲ့ အသက် ၂၈ နှစ်လောက်ရှိတဲ့ လူငယ်တယောက်ပါ။ အခုအထိတော့ အမှုမဖွင့်ဘဲ ရဲစခန်းမှာပဲလို့ သိရတယ်” လို့ ပြောပါတယ်။
ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးအေးကျော်ဟာ ပြင်းထန်တဲ့ ဒဏ်ရာ ၄ ချက်ထက်မနည်း ရရှိပြီး လက်ရှိ သာပေါင်းမြို့နယ် ပြည်သူ့ဆေးရုံကတဆင့် ပုသိမ်ပြည်သူ့ဆေးရုံကို လွှဲပြောင်းတင်ပို့ထားရတယ်လို့ သိရပါတယ်။
အဲဒီ ဓားနဲ့အထိုးခံရတဲ့ ဆောင်ဘုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီ အာဏာရပြီး အသစ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်မှုထမ်းကိစ္စ၊ ကျေးရွာလမ်းကိစ္စ၊ ဆိုင်ကယ်ဖမ်းတဲ့ကိစ္စနဲ့ ပန်းသပိတ် ကိစ္စတွေမှာ စစ်ကောင်စီတပ်ကို သတင်းအမှားပေးပြီး အရပ်သား အယောက် ၂၀ လောက်ကို ဖမ်းဆီးခိုင်းခဲ့တဲ့သူလို့ ဒေသခံတွေက ဆိုပါတယ်။
Photo - တော်ဝင် + Htet Htet