အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရဲ့ အရှေ့တောင်ပိုင်းကို ဇူလိုင် ၈ ရက်က အပူပိုင်းမုန်တိုင်း ဘဲရဲလ် ဝင်ရောက်ပြီး မိုးပြင်းလေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးသွားပါတယ်။
မုန်တိုင်းကြောင့် အဝေးပြေးလမ်းတွေကို ရေလွှမ်းမိုးတာ၊ ရေနံဆိပ်ကမ်းတွေကို ပိတ်ချလိုက်ရတာ၊ လေကြောင်းခရီးစဉ်ပေါင်း ၁,၀၀၀ ထက်မနည်း ဖျက်သိမ်းလိုက်ရတာတွေနဲ့ နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၂ သန်းခွဲကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်တာတွေ ကြုံခဲ့ရပါတယ်။
မုန်တိုင်းရာသီရဲ့ အစောဆုံးဖြစ်တဲ့ အမျိုးအစား ၅ ဟာရီကိန်းမုန်တိုင်း ဘဲရဲလ်ဟာ ဟူစတန်မြို့ကို ဖြတ်မသွားခင်မှာ အန္တရာယ်ကြီးတဲ့ အားပြင်းမုန်တိုင်းတွေ၊ မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့အတူ တက္ကဆက်ရဲ့ ကမ်းရိုးတန်းမြို့ မာတာဂေါ်ဒါကို မွှေနှောက်တိုက်ခတ်ခဲ့ပြီးနောက်မှာ ဟာရီကိန်းအဆင့်ကနေ အားပျော့သွားခဲ့တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာ (NHC) က ပြောပါတယ်။
တက္ကဆက်၊ လူဝီစီယားနားနဲ့ အာကန်ဆပ်စ် ပြည်နယ်တွေမှာ လေဆင်နှာမောင်း ဖြစ်ပေါ်စေနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့လည်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရင် မြန်မြန်ဆန်ဆန် အားပျော့သွားမယ်လို့ မျှော်လင့်ထားတဲ့ မုန်တိုင်းဟာ ပြီးခဲ့တဲ့အပတ်က ဂျမေကာ၊ ဂရက်နာဒါနဲ့ စိန့်ဗင်းဆင့်နဲ့ ဂရန်းနာဒီးန်စ် ကျွန်းနိုင်ငံတွေတလျှောက် အပျက်အစီးတွေ ချန်ထားရစ်ခဲ့ပြီး ကာရစ်ဘီယံနဲ့ တက္ကဆက်ပြည်နယ်တွေမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
Source-Reuters