ရခိုင်ပြည်နယ် တောင်ပိုင်းရှိ သံတွဲမြို့နယ်၊ ဂွမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီး၊ ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲ၊ ဂွနဲ့ တောင်ကုတ်မြို့နယ်တို့မှာ ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းကတည်းက ရေတက်လာပြီး သံတွဲမြို့နဲ့ တောင်ကုတ်မြို့တွေမှာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာကာ ဂွမြို့နယ်က ကျေးရွာတချို့မှာလည်း ရေနစ်မြုပ်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့ခံတဦးက “သံတွဲမြို့မှာက မြေနိမ့်ပိုင်း ရပ်ကွက်တွေမှာ မနေ့ကတည်းက ရေကြီးနေတာ။ ဒီနေ့လည်း ရေက မကျသေးဘူး။ တချို့ရွာတွေမှာဆိုရင် စစ်ရှောင်တွေ အရေးပေါ် ရွှေ့ပြောင်းနေကြရတယ်လို့ သိရတယ်။ မိုးက လုံးဝကို မစဲဘဲ ရွာနေတာဆိုတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာပြီ” လို့ ပြောပါတယ်။
သံတွဲမြို့ အံတော်ရပ်ကွက်မှာ ရပ်ကွက်တခုလုံးနီးပါး ရေနစ်မြုပ်နေပြီး နေအိမ်တွေလည်း နစ်မြုပ်နေသလို နံတော်ပြင်၊ နတ်ပြင်၊ ခြံပြင်၊ လက်ပံစုကျေးရွာတို့မှာလည်း ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်က နံသာမြိုင်၊ ဘဝင်ကျေးရွာနဲ့ ကုလားပြင်ကျေးရွာတို့မှာလည်း ရေကြီးနေပြီး နေအိမ်တွေ နစ်မြုပ်နေကြတယ်လို့ ဂွမြို့ခံတဦးက ပြောပါတယ်။
“အဓိက ရေကြီးနေတာက သံတွဲ-ဂွ ကားလမ်းက ရွာတွေပါ။ အဲဒီမှာက သံတွဲက စစ်ရှောင်တွေလည်း ရှိကြတယ်။ ရေကတော့ လုံးဝမကျသေးဘူး။ လမ်းတွေကလည်း စစ်ကောင်စီက ဖျက်ဆီးထားတာကြောင့် သွားမရကြဘူး။ ဒီနေ့ညနေနဲ့ ရေမကျဘူး ဆိုရင်တော့ အခက်ခဲတွေ ရှိနိုင်တယ်။”
လက်ရှိမှာ ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ကုန်မြင့်ပိုင်းတွေကို ရွှေ့ပြောင်းနေကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ်မှာလည်း ဇူလိုင် ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ ချောင်းရေ မြင့်တက်လာတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ ရေနစ်မြုပ်လာပြီလို့ မြို့ခံတဦးက ပြောပါတယ်။
“မြို့ပေါ်မှာတော့ မနက်ကတည်းက ချောင်းရေက တဟုန်ထိုး မြင့်တက်လာပြီးတော့ မြို့ပေါ်ရပ်ကွက် အကုန်လုံးနီးပါး မြုပ်နေကြပြီ။ တချို့ရပ်ကွက်တွေမှာဆိုရင် ရေ ၆ ပေလောက်အထိတောင် ရောက်နေပြီ။ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။”
အခုရေကြီးမှုဖြစ်နေကြတဲ့ မြို့နယ် ၃ ခုလုံးဟာ နှစ်တိုင်း မိုးရာသီမှာ ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပါတယ်။
လက်ရှိ ရေကြီးနေတဲ့ မြို့နယ် ၃ ခုဟာ စစ်ရေးပြင်းထန်နေကြတဲ့ မြို့နယ်တွေဖြစ်ကြပြီး ဒေသခံ သိန်းနဲ့ချီ နေရပ်စွန့်ခွာနေကြရတာလည်း ဖြစ်ပါတယ်။