Home
မြန်မာသတင်း
စဥ့်ကူးမြို့နယ်၌ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
DVB
·
August 5, 2024
Photo - MDY PDF

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို သြဂုတ် ၄ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က အတွဲလိုက်ဗုံးသီး (Cluster Bombs) တွေ ကြဲချလို့ ဒေသခံပြည်သူ ၁၃ ဦး သေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) ဆီကနေ သိရပါတယ်။

MDY PDF ရဲ့ တာ၀န်ရှိသူတဦးက “စစ်တပ်က လေကြောင်းကနေ တရက်တည်း ကံတောင်ရွာနဲ့ နွယ်ရုံရွာ ၂ ရွာကို  အသုံးမပြုဖို့ ပိတ်ပင်ထားတဲ့ အတွဲလိုက် ဗုံးသီးတွေ ကြဲချသွားလို့ ကလေးငယ် ၂ ဦးအပါအ၀င် အပြစ်မဲ့တဲ့ပြည်သူ ၁၃ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီးတော့ ၃၀ နီးပါး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသွားသူတွေကိုတော့ ကျနော်တို့ ဆေးတပ်ဖွဲ့ကနေ အထူးကြပ်မတ် ကုသပေးနေပါတယ်” လို့ DVB ကို အတည်ပြုပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ် ၄ ရက်၊ နေ့လယ် ၁ နာရီ၀န်းကျင်မှာ ကံတောင်ကျေးရွာကို အတွဲလိုက်ဗုံးသီးတွေ ကြဲချသွားတဲ့အတွက် ကလေးငယ် ၁ ဦး အပါအ၀င် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။

နေ့လယ် ၃ ခွဲဝန်းကျင်မှာလည်း နွယ်ရုံကျေးရွာကို လေကြောင်းကနေ အတွဲလိုက်ဗုံးတွေ ထပ်မံကြဲချခဲ့တဲ့အတွက် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ ဆိုပါတယ်။

ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ အတွဲလိုက်ဗုံးတွေ ကြဲချခဲ့တာကြောင့် လူနေအိမ်အများအပြားလည်း ပျက်စီးသွားကြတယ်လို့ သိရပါတယ်။

MDY-PDF ပြောရေးဆိုခွင့်ရှိသူက “ဒီစဥ့်ကူးမြို့နယ်ထဲမှာ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ ကတည်းက အခုထိ စစ်တပ်က ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေတယ်။ သူတို့လုပ်သမျှဟာ ပြည်သူတွေပဲခံနေရတယ်။ အခုလုပ်ရပ်တွေ ဟာလည်း ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီးတော့ အကြီးမားဆုံးစစ်ရာဇဝတ်မှု မြောက်နေပါတယ်။ အပျက်အစီးတွေနဲ့ ပတ်သက်ပြီးတော့လည်း စာရင်းပြုစုနေပါတယ်”လို့ ပြောပါတယ်။

စဉ်ကူးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းအားလုံးနဲ့ စဉ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နဲ့ တပ်ပေါင်းစုတွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

စဉ့်ကူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ အောင်ကိုမင်း အပါအ၀င် အရှင်ဖမ်းဆီးရရှိသူနဲ့ လက်နက်ချသူ ၁၂၉ ဦးရှိပြီး လက်နက်မျိုးစုံ ၇၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013