Home
မြန်မာသတင်း
စစ်ကောင်စီတပ်သားများ ပြည်သူမကြည်ဖြူသည့်နေရာတွင် ဆက်မနေရန် မန္တလေး PDF တိုက်တွန်း
DVB
·
August 6, 2024

စဉ့်ကူးနဲ့ မတ္တရာမှာ ပြည်သူကို လေယာဉ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ သိက္ခာကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ မကြည်ဖြူတဲ့နေရာမှာ ဆက်မနေကြဖို့ မန္တလေးဒေသတွင်း PDF တွေက တိုက်တွန်းပါတယ်။ 

စစ်ကောင်စီက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးက ဩဂုတ် ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ 

ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ စဉ်ကူးမြို့နယ်၊ ကံတောင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ဩဂုတ် ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာလည်း စဉ်ကူးမြို့နယ် နွယ်ရုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် ကလေးတယောက် အပါအဝင်ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ဩဂုတ် ၅ ရက်မှာလည်း စစ်ကောင်စီက စဉ့်ကူးနယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး ထိခိုက်မှုစာရင်းကိုတော့ DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမှ ကိုအော်စမွန်က “စစ်ကောင်စီအနေနဲ့ အခုလိုပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာက စစ်တပ်တတပ်အနေနဲ့ ဂုဏ်သိက္ခာ အကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီးတော့ ကြီးမားတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်ဆိုတာ ကျနော်တို့ ပြောချင်ပါတယ်ဗျာ" လို့ ပြောပါတယ်။

ဒေသတွင်း PDF တွေကတော့ ပြည်သူတွေအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ ဆောက်နိုင်ဖို့ တိုက်တွန်းနေပြီး လိုအပ်တာတွေကို ကူညီပေးနိုင်ဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

မန္တလေးတိုင်းထဲက စစ်ခေါင်းဆောင်တွေ အပါအဝင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူတွေ မကြည်ဖြူတဲ့နေရာမှာ ဆက်မနေကြဖို့နဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နေတာကို ရပ်တန်းကရပ်ဖို့ စဉ့်ကူး PDF တာဝန်ရှိသူတယောက်က တိုက်တွန်းပါတယ်။

“သူတို့လေယာဉ်နဲ့ပစ်တိုင်းသာ ဒီတော်လှန်ရေးအင်အားစု ပျောက်ပျက်မယ်ဆိုရင် ကျနော်တို့ ဒီနွေဦးတော်လှန်ရေးဟာ ကြာလှပြီ အဆုံးသတ်ခဲ့မှာပေါ့။ ပြည်သူတွေကတော့ အိမ်တိုင်း အိမ်တိုင်းမှာ ဘန်ကာတွေ ကောင်းကောင်းမွန်မွန်လုပ်ထားပါ။ Over Head တွေ လုပ်ထားပါ။ စနစ်တကျလုပ်ထားပြီးမှ သူတို့လေယာဉ်ကြိုက်သလောက်လာပစ် ပြဿနာမရှိပါဘူး။ မြေပြင်အနေအထားကတော့ သူတို့အင်နဲ့အားနဲ့ လာဖို့ ဆိုတာတော့ မလွယ်ပါဘူး။ ဘာလို့ဆို စဉ့်ကူးမြို့နယ်ပတ်ပတ်လည်မှာရော၊ စဉ့်ကူးမြို့နယ်ချုပ်စပ် စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေ ဖြစ်နေပြီလေ။ စကစတွေအနေနဲ့ စိတ်ထင်တိုင်း လိုက်လုပ်နေတယ်ဆိုရင် ဒီထက်ပိုပြီးတော့ သူတို့ မြန်မြန်ကျရှုံးမှာပဲ။ ပြည်သူမပါတဲ့စစ်ပွဲ ဘယ်မှမအောင်ပါဘူး။ သူတို့ကို သတင်းပေးတဲ့သူတယောက်ရှိရင် ကျနော်တို့ကို သတင်းပေးတဲ့သူ ၁၀ ယောက်ရှိတယ်ဆိုတာ သူတို့မြင်ထားရမှာပေါ့‌ေ အဓိက ပြည်သူက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က လုံးဝရပ်တည်နေတယ်ပေါ့။ သူတို့အနေနဲ့ ပြည်သူမကြည်ဖြူတဲ့ နေရာမှာဆက်မနေဖို့နဲ့ ရပ်တန်းက ရပ်ဖို့နော်။"

မန္တလေးတိုင်း စဉ့်ကူးမြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇူလိုင် ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပြီး မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီစခန်း ၃၅ ခုအထိ သိမ်းယူထားတယ်လို့ ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ မြေပြင်စစ်ရေး အသာစီးမယူနိုင်တော့တဲ့အတွက် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “ဘာသာရေးပစ်မှတ်၊ လူမှုရေးပစ်မှတ် ဒီရပ်ရွာ ဆေးရုံ ဘာမှခွဲခြားတာ မရှိဘူးလေနော့။ စစ်ရှုံးပြီဆိုတာနဲ့ မီးလောင်တိုက်သွင်းဖို့လည်းဝန်မလေးဘူး။ လူသတ်ဖို့လည်း ဝန်မလေးဘူး။ ဘာပစ်မှတ်မှမရှိဘဲနဲ့ လေယာဉ်နဲ့ဗုံးလာကြဲတယ်ဆိုတာ ဘယ်သူသေသေ သေချင်တဲ့သူသေဆိုတဲ့ ပုံစံလုပ်တာပဲလေ။ ထိခိုက်တာလည်း ပြည်သူတွေချည်းပဲ၊ တိုက်ပွဲဖြစ်လို့ ၂ ဖက်ယှဉ်ပစ်လို့ သေတဲ့ဦးရေနဲ့ အခုလက်နက်ကြီးတွ နဲ့ လေယာဉ်နဲ့ပစ်လို့ သေတဲ့ဦးရေ၊ လက်နက်ကြီးတွေနဲ့ပစ်လို့သေတဲ့ဦးရေပိုများတယ်။ ဒုတိယများတာက လေယာဉ်နဲ့ဗုံးကြဲလို့သေတဲ့ ဦးရေ။ စဉ့်ကူးမှာဆိုရင်တော့ လက်နက်ကြီး တိုက်ခိုက်မှုမရှိဘူး၊ လေယာဉ်တိုက်ခိုက်မှုပဲရှိတယ်။ မတ္တရာမှာဆိုရင်တော့ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုရှိနေသေးသလို လေကြောင်းတိုက်ခိုက်မှုလည်းရှိတယ်။ အကြိမ်ရေက ဘယ်ကပိုများလဲဆိုရင် မတ္တရာကပိုများတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းနဲ့အတူ PDF တွေရဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီဟာ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲက စခန်းတွေ ဆက်တိုက်ဆုံးရှုံးခဲ့တာပါ။ 

မန္တလေးတိုင်းထဲက စဉ့်ကူးမြို့၊ မိုးကုတ်မြို့တွေကို လက်လွှတ်ထားရပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ ပြင်ဦးလွင်မြို့ဟာလည်း စစ်ရေးဖိအားတွေအောက်ကို ရောက်နေတာပါ။ လတ်တလောမှာ မန္တလေးမြို့ဝင်ပေါက်တွေအားလုံးကို စစ်ကောင်စီက လုံခြုံရေးတင်းကျပ်နေပြီး အင်အားသုံး ခံစစ်ပြင်ဆင်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024