Home
မြန်မာသတင်း
တိုက်ပွဲသတင်းများ (သြဂုတ် ၆)
DVB
·
August 6, 2024

ယင်းမာပင်မြို့နယ်တွင် နေအိမ် ၇ လုံးကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ အနောက်ဘက် ရေသောက်ကန်တောပြင်က ပြည်သူ‌နေအိမ် ၇ လုံးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက  တိုက်ပွဲမဖြစ်ပွားဘဲ ဩဂုတ် ၆ ရက် မနက် ၆ နာရီခွဲလောက်က မီးရှို့သွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ရေသောက်ကန် တောပြင်မှ အမျိုးသမီးတဦး က“ကျမတို့အိမ်ထဲမှာ အိပ်နေတုန်း မနက်ခင်း ၅ နာရီလောက် အစောကြီး ဝင်လာတယ်။ ဝင်လာပြီး ကျမတို့ကို အိမ်တအိမ်ထဲ စုထိုင်ခိုင်းတယ်ရှင့်။ အဲလိုစုထိုင်ခိုင်းပြီး သူတို့လာလို့ ထွက်ပြေးတဲ့ အိမ်တွေကိုပဲ မီးရှို့မယ်လို့ ပြောတယ်။ သူတို့လက်တွေ့ မီးရှို့တော့ လူမရှိတဲ့ အိမ် ရော၊ လူရှိတဲ့အိမ်ရော အကုန်ရှို့ထားခဲ့ကြတယ်။ အိမ်ထဲက ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ ဆန်နဲ့ဆီတွေ ပိုက်ဆံတွေ အကုန်ယူသွားတယ်ရှင့်။ အိမ်မှာမွေးထားကြတဲ့ ဝက် ၅ ကောင်ကိုလည်း သတ်ယူသွားကြတယ်။ နောက်ထပ် ဆိုင်ကယ် ၃ စီးကိုလည်း မီးရှို့သွားတယ်။ ကျမတို့တော့ ဖမ်းပြီး ပြန်တော့ လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

ဘန့်ဘွေးပျူရွာဟာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို စစ်တပ်ကတပ်စွဲနေထိုင်တဲ့ ကျေးရွာလည်းဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သူရိန်က “မင်းအောင်လှိုင်က ရိက္ခာမပို့နိုင်လို့ ပြည်သူတွေစီကို ဓားပြဝင်တိုက်တာဗျ။ ကျနော်တို့နဲ့ကတော့ ဘာတိုက်ပွဲမှမဖြစ်ပါဘူးဗျ။ သူတို့ပြည်သူအပေါ် အနိုင်ကျင့်လို့ရလို့ကို အနိုင်ကျင့်မီးရှို့သွားကြတာပါ” လို့ ပြောပါတယ်။

ရိက္ခာလုတဲ့ စစ်တပ်ဟာ အင်အား ၈၀ ကျော်နဲ့  စစ်ကြောင်းထိုးပြီး  ပြည်သူနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

ကွတ်ခိုင်တွင် စစ်တပ်ကလေကြောင်းဗုံးကြဲသဖြင့် ပြည်သူ ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ဩဂုတ် ၅ ရက်ညနေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဈေးဆိုင်ခန်း အများအပြားနဲ့ နေအိမ်တွေ ၅ လုံးထက် မနည်း မီးလောင်ပျက်စီးပြီး ပြည်သူ ၅ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “မြို့မဈေးက တဝက်ပြာကျသွားပြီ။ ရပ်ကွက် ၄ ပန်းခြံဈေးဘက်လည်း ဗုံးကြဲသွားတယ်။ လမ်းမပေါ်က ဘာမှမဆိုင်တဲ့ လက်ဖက် ရည်ဆိုင်မှာရောလာကြဲတယ်” လို့ ပြောပါတယ်။

တခါ ကြဲရင် ဗုံး ၂ လုံး ကြဲချတာတွေ့ရပြီး အနည်းဆုံး ပြည်သူ ၅ ဦး သေဆုံးကာ ဒဏ်ရာရတာ ၁၀ ဦး ကျော်နိုင်တယ်၊ မိုးချုပ်သွားတော့ တခြားနေရာ သွားမကြည့်နိုင်ဘူးလို့ ဆိုပါတယ်။ 

ဩဂုတ် ၅ ရက် မနက် ၁၀ နာရီ ကျော် ကတည်းက ကွတ်ခိုင်မြို့ပေါ် ကင်းထောက် လေယာဉ် အကြိမ်ကြိမ်လာဝဲ နေပြီး အဲဒီ ‌ကင်းထောက်လေယာဉ်အသံ ငြိမ်သွားပြီးနောက် ခဏအကြာ ညနေ ၃ နာရီလောက်က  ‌လေယာဉ်နဲ့ တကြိမ်ပြီး တကြိမ် ဗုံးကြဲတာ ညနေ ၄ နာရီ လောက်ထိပဲလို့ သူက ပြောပါတယ်။ 

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်လေယာဥ်နဲ့ ၄ ကြိမ်၊ ဗုံး ၇ လုံး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်း ထုတ်ပြန်ထားပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံမှာတနေရာ၊ ကွတ်ခိုင်မြို့မစျေးနဲ့ မြို့အတွင်းထဲ ကျရောက် ပေါက်ကွဲပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒေသခံ အမျိုးသား ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးပြီး ဒေသခံ ၄ ဦးဒဏ်ရာရရှိကာ မြို့မစျေးရှိ ဆိုင်ခန်းတွေနဲ့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင် ၁၀၂၇ ပထမလှိုင်းတုန်းက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ လောက်ကိုင်၊ သိန္နီနဲ့ ကွတ်ခိုင်တွေဘက် တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ဆီဆိုင်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွား၊ ဒေသခံ ၁၀၀၀၀ ကျော် ထပ်မံထွက်ပြေးရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာကြောင့် ပြည်သူ ၁၀,၀၀၀ ကျော် ထပ်မံထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် သြဂုတ် ၄ ရက်ညနဲ့ ၅ ရက်နေ့တို့မှာ ဆီဆိုင်မြို့ပေါ်ဒေသခံတွေတော့ ထွက်ပြေးကြပြီး တောင်ရှေ့ကျေးရွာအုပ်စု ကကျေးရွာတွေတော့ သြဂုတ်  ၆ ရက် မနက်မှာ ထွက်ပြေးကြတယ်လို့ပြောပါတယ်။

“ဒီမနက်အိပ်ရာကနေ ထတောင်မထသေးဘူး အစေားကြီးရွာနားပစ်ကြပြီ၊ ရွာသားလည်း မိုးရွာရွာနဲ့ ထွက်ပြေးကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အသံတွေ ဆူညံနေတာပဲ” လို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေက အင်အားများစွာနဲ့ နေရာယူထားကြပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ပြောပါတယ်။

တောင်ရှေ့အုပ်စု လွယ်ဆောင်ရွာခံတဦးက “ခုလို ရုတ်တရက်ထဖြစ်တော့ ရွာဘက်ကဒေသခံဆို ဘာပစ္စည်းမှ မယူနိုင်ကြဘူး။ ဒီမနက် တချို့ဆို ဟင်းချက် ထမင်းချက်အိုးတွေ မီးပေါ်တောင် မချခဲ့ရတဲ့သူတွေ ရှိတယ်။ ဝုန်းဒိုင်းကြဲ ထဖြစ်တော့ ကြောက်တဲ့စိတ်နဲ့ပဲ ထွက်ပြေးခဲ့ကြတာ။ ဖိနပ်တွေတောင် စီးဖို့ အချိန်မရခဲ့ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ဆီဆိုင်မြို့အဝင်အထွက် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီ ခမရ ၄၂၄၊ ၄၂၃ တပ်၊ PNO ပြည်သူ့စစ်တို့မှ ပိတ်ဆို့ထားပြီး ဆက်သွယ်ရေးအင်တာနက်လိုင်းတချို့လည်း ဖြတ်တောက်ထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ် ကို ဆီဆိုင် အခြေစိုက် စစ်ကောင်စီတပ်မှ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းကိစ္စနဲ့ပက်သက်ပြီး တာဝန်ရှိသူ ခွန်ရိန်းယံကို ဆက်သွယ်ပေမဲ့ အကြောင်းပြန်တာ မရှိပါဘူး။

ဆီဆိုင်မြို့ပေါ်ကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူများ ပြန်လည်နေထိုင်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဧပြီလမှာ ဆော်ဩခိုင်းခဲ့ပြီး အခု ဗုံးကြဲမှုနဲ့ ပတ်သက်တာကိုတော့ ပြည်သူတွေကို တစုံတရာ ပြောဆိုကြေညာပေးတာမရှိဘူးလို့ ပြောပါတယ်။

ထားဝယ် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ်က မီးရှို့

တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ ဩဂုတ် ၅ ရက် ညနေက လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေက ပြောပါတယ်။ 

စစ်ဘေးရှောင်နေတဲ့ မောင်မယ်ရှောင်ရွာသားတဦးက “ရွာအရှေ့ပိုင်းက အိမ်တွေရှို့ခံရတယ်လို့ခန့်မှန်းရတယ်။ အခုက တရွာလုံးပြေးနေရတယ်။ ရွာထဲဝင်ကြည့်လည်း မရဲဘူး။ စစ်သား(စစ်ကောင်စီတပ်)တွေ ရှိနေတယ်။ မီးခိုးတွေကတော့ အဝေးကကို မြင်နေရတယ်”လို့ ပြောပါတယ်။

ဇူလိုင်လကတည်းက ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် မောင်မယ်ရှောင်ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။

စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ရွာကို ၂ လအတွင်း မီးတင်ရှို့နေတာ ၃ ကြိမ်ရှိပြီဖြစ်ပြီး နေအိမ် ၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာသားတွေက ဆိုပါတယ်။

ဒါ့အပြင် ရွာသားအချို့ အဖမ်းခံရတာရှိပြီး ကျေးရွာအတွင်း နေအိမ်တွေလည်း ဖောက်ထွင်းခံရတယ်လို့ ရွာသားတွေဆီက သိရပါတယ်။ 

မောင်မယ်ရှောင်ရွာဟာ ထားဝယ်မြို့အနီး ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာတည်ရှိပြီး ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားကြီးနဲ့ ထားဝယ်နည်းပညာတက္ကသိုလ် တည်ရှိတဲ့ အိမ်ခြေ ၁၂၀၀ ကျော် ရွာကြီးတရွာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း ထားဝယ်ခရိုင် ရေဖြူမြို့နယ်နဲ့ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ နေအိမ်တွေကို ဖြိုချတာ၊‌ ဖောက်ထွင်းမီးရှို့ဖျက်ဆီးတာ တွေ ဆက်တိုက်လုပ်ဆောင်ခဲ့ကြပါတယ်။

ကျွန်းစုနှင့် တနင်္သာရီတွင် ၂ ပတ်ကျော်ကြာတိုက်ပွဲဖြစ်ပွား၊   စစ်တပ်က ၆၀ ကျော်သေဆုံး

တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ ၂ ပတ်ကျော်ကြာတိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးပြီး အရပ်သား ပြည်သူတဦး အသတ်ခံလိုက်ရတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး စစ်ကြောင်း ၂ ရဲ့ တာဝန်ခံက ပြောပါတယ်။

၂ ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်တာအပြင် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းစစ်ကြောင်း နှစ်ဖက်က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၆ဝ ကျော်အထိ ထိခိုက်သေဆုံးခဲ့ပြီး နာရေးကားတွေနဲ့ မြိတ်ဘက်ကို တပ်သားအလောင်းတွေ သယ်ဆောင်သွားတာ တွေ့ရတယ်လို့ မြိတ်ခရိုင်စစ်ကြောင်း ၂ ရဲ့ တာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

“ညဘက်မှာ လုံခြုံရေးအပြည့်ချတာ၊ တံတားလည်း ဘယ်သူ့မှ မပေးဖြတ်ဘဲ အလောင်းတွေစီပြီး နာရေးကားတွေနဲ့ လူမသိသူမသိ တင်ဆောင်သွားကြတယ်။ ၂၂ ရက်၊ ၂၄၊ ၂၈ ရက်တွေမှာ တိုက်ပွဲပြင်းထန်ချိန် အဲဒီရက်တွေမှာ တင်ဆောင်သွားတာ။ မြေပြင်ဗျူဟာမှူးတွေနဲ့ စစ်ကြောင်းနီးစပ်သူတွေ မျက်မြင်တွေ့တာပါ။ တိုက်ပွဲအတွင်းမှာ မူးယစ်ဆေးဝါးတွေလည်း ကျကျန်ခဲ့တာ တွေ့ရတယ်။” 

ဇူလိုင် ၁၈ ရက်ကနေ သြဂုတ် ၄ ရက်အထိ အင်အား ၂၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့   မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တို့ကြား ထိတွေ့တိုက်ပွဲပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ကာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်ကြားက ကျေးရွာပေါင်း ၁၀ ရွာကျော်ထဲက ဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေခဲ့ရပါတယ်။

သြဂုတ် ၅ ရက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းအချိန် လယ်သစ်ရွာနဲ့ သပြေပင်ရွာကြားက ခနောင်းကြီးတောင်ပေါ်နားမှာ ဥယျာဥ်ခြံမြေအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အရပ်သားပြည်သူတဦးရဲ့ အလောင်းကိုလည်း တွေ့ရှိခဲ့ရတယ်လို့ စစ်ကြောင်း ၂ တာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။

“စစ်တပ်က စစ်ကြောင်းလာရင်း PDF နဲ့ မှားပြီး သေနတ်နဲ့ ပစ်သတ်သွားတာပါ။ ဒီအရပ်သားက တနင်္သာရီဒေသခံတော့ မဟုတ်ဘူး၊ အထက်ဘက်က အညာသားတယောက်ပါ၊ ဥယျာဥ်ခြံကို စောင့်တဲ့ အလုပ်သမားတဦးပါ။ မိသားစုဝင်တွေ မရှိဘူး၊ ကျနော်တို့လည်း ဒီနေ့မှ တွေ့တာပါ၊ သူ့ခြံပိုင်ရှင်ကို စောင့်ပြီး ခွင့်ပြုချက်ရတာနဲ့ မြေမြှုပ်ဖို့ လုပ်ထားတယ်။”

ဒါ့အပြင် ဇူလိုင် ၂၂ ရက်မှာ ဝါရစ်ရွာက နေအိမ် ၂ လုံး နဲ့ သြဂုတ် ၂ ရက်က    လယ်သစ်ရွာ အနောက်ကမ်းမှာ နေအိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားသလို  သြဂုတ် ၃ ရက်မှာ လယ်သစ်အနောက် ဘုန်းကြီးကျောင်းထဲ စစ်တပ်က ဝင်ရောက်တပ်စွဲထားပြီး ရွာထဲနေအိမ် တံခါးတွေ ရိုက်ဖွင့်ကာ အိမ်တွင်းအသုံးအဆောင်နဲ့ စားသောက်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းလာရာလမ်းမှာရှိတဲ့ သပြေပင်ရွာက ဘုန်းကြီးတပါးအပါအဝင် အရပ်သားပြည်သူ ၄ ဦးတို့ကိုလည်း ဖမ်းဆီးခဲ့ကာ သြဂုတ် ၃ ရက်မှာတော့ အကုန်ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုမျိုးကြီးက ပြောပါတယ်။

သြဂုတ် ၄ ရက်မှာ ရွာတွေဘက် ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀၀ လောက်က သထာရွာတဖက်ကမ်းမှ လှေတွေနဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ တုံးဗျောရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သလို နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ပါ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

ရေဖြူတံတားနှင့် ထားဝယ်ဘုရားမဲဂိတ်က စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့ရှိ တံတားနဲ့ ထားဝယ်နည်းပညာတက္ကသိုလ်အနီး မောင်မယ်ရှောင်ဘုရားမဲ စစ်ကောင်စီဂိတ်က တပ်သားတွေကို အလစ်ငိုက်တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို သာဂရစစ်ကြောင်းက ပြုလုပ်ခဲ့တယ်လို့ ဩဂုတ် ၅ ရက် စစ်ကြောင်းမှာ ပါဝင်တဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁ ရက် ညနေမှာ ရေဖြူတံတားဂိတ်ကို သေနတ်နဲ့သွားပစ်ခဲ့တာဖြစ်ပြီး ဘုရားမဲဂိတ်ကိုတော့ ၆ဝ မမလက်နက်ကြီးနဲ့ စနိုက်ပါ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦးသေပြီး ၇ ဦး ဒဏ်ရာရတယ်လို့ သာဂရစစ်ကြောင်းဆီက သိရပါတယ်။

သာဂရစစ်ကြောင်းမှာ ထားဝယ်မြို့နယ်ထဲက DNLA ၊ TPLF ၊ ကျားသစ်နက် ၊ DGRF ၊ ဧဒင်မှူး၊ ဘီလုံးပြောက်ကျား နဲ့ ရေဖြူမြို့နယ်ထဲက ရေဖြူပကဖ ၊ YPPDF ဆိုပြီး တပ်ဖွဲ့ ၈ ခုပါဝင်ပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့ ရေဖြူတံတားဂိတ်ဟာ အရင်က ယာယီအဖြစ်သာ စစ်ကောင်စီတပ်သားတွေ လာစောင့်လေ့ရှိပေမဲ့ ဇူလိုင်လက ရေဖြူမြို့အတွင်းမှာ စစ်ကောင်စီတပ်သားတွေ ၂ ကြိမ် တိုက်ခိုက်ခံရပြီးနောက် ဘန်ကာတွေဆောက်ပြီး အခိုင်အမာ တပ်လာချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဟာ ဘုရားမဲဂိတ်နဲ့ ရေဖြူမြို့အကြားက ညင်းထွေးရွာကို ခြေလျင်စစ်ကြောင်းနဲ့လာပြီး လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ ညင်းထွေးရွာခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညင်းထွေးရွာက ဒေါ်မီးငယ်နဲ့ သမီးဖြစ်သူတို့ နှစ်ဦး ကျည်စထိမှန်ပြီး ဒဏ်ရာအသီးသီးရခဲ့ကြပါတယ်။

ညင်းထွေးရွာသားတဦးက  “PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေ ညင်းထွေးကို ဆုတ်လာတယ်ဆိုပြီး ရွာကို စစ်ကြောင်းလာပြီး လက်နက်ကြီး ၃ ချက်ထုတယ်။ လက်နက်ငယ်ကတော့ လမ်းတလျှောက် ပစ်လာတယ်။ လမ်းဆုံမှာလည်း ၂ နာရီလောက် စစ်သေးတယ်” လို့ ပြောပါတယ်။

အခု ပစ်ခတ်တိုက်ခိုက်ခံရမှုမှာပါဝင်တဲ့ ထားဝယ်နည်းပညာတက္ကသိုလ်အနီးက ဘုရားမဲဂိတ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံနေရပေမဲ့ ရေး-ထားဝယ်ကားလမ်း နဲ့ ထားဝယ်-ထီးခီး ကားလမ်းအကြား ဆက်သွယ်နိုင်တဲ့ ရေဝိုင်း၊ ပကာရီလမ်းတွေနဲ့ ဆက်စပ်နေပြီး ပထဝီအနေအထားအရသာမက စစ်ရေးအရပါ အရေးပါနေတာကြောင့် စစ်ကောင်စီဘက်က လက်လွှတ်မခံဘဲ ဆက်လက်တပ်စွဲထားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024