တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို လက်သင့်ခံမှာမဟုတ်ဘဲ နိုင်ငံတဝန်း တည်ငြိမ်မှုရအောင် ပြည်လည်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဒီနေ့ သြဂုတ် ၅ ရက် ညနေ မိန့်ခွန်းမှာ ပြောပါတယ်။
ရှမ်းမြောက်အရေးအခင်းဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ငဲ့ညှာထောက်ထားကာ တချို့တပ်စခန်းတွေ လက်လွှတ်ပေးခဲ့ရတာရှိပြီး အရာရှိစစ်သည်တချို့ ဖမ်းဆီးခံရတဲ့အတွက် ဒီလိုတိုက်ခိုက်နေမှုအပေါ်မှာ လက်သင့်ခံသွားမှာမဟုတ်ဘဲ တပြည်လုံး အေးချမ်းတည်ငြိမ်တဲ့အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
“နိုင်ငံတော် တည်တံ့ခိုင်မြဲရေးအတွက် အသက်ပေး၊ ကျဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တွေကို အသိအမှတ်ပြုပါတယ်။ ပြည်သူတွေအနေနဲ့လည်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် တည်ငြိမ်အောင် လုပ်သွားမှာပါ၊ တပြည်လုံးအတိုင်းအတာနဲ့။”
စစ်တပ်ကို တိုက်ခိုက်သူတွေထဲမှာ MNDAA, TNLA, AA၊ KIA, KNU နဲ့ PDF များပါဝင်ပြီး ပြည်ပက လက်နက်၊ ငွေ၊ နည်းပညာ အထောက်အပံ့ ကူညီပေးနေတာတွေကို သိရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံအရေးကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်တာဟာ တိုင်းပြည်ဆိုးကျိုးများနဲ့ ကြုံတွေ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တပ်စခန်း သိမ်းဆည်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီအနေနဲ့ တုံ့ပြန်ရာမှာ အရပ်သားပြည်သူများ အကျိုးစီးပွားကို ကြည့်ရတဲ့အတွက် ဆုံးရှုံးမှုတွေရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်နေမှုအပေါ်မှာ စစ်တပ်အနေနဲ့ လက်သင့်ခံသွားမှာ မဟုတ်ဘဲ တပြည်လုံး အေးချမ်းတည်ငြိမ်တဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စစ်တပ်စခန်းများရှိရာ မြို့ရွာတွေကို သိမ်းယူခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, TNLA, AA တို့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က မြို့ရွာတွေ သိမ်းယူခံရပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယကြိမ်မှာတော့ ရမခတိုင်းစစ်ဌာနချုပ်နဲ့ မန္တလေး PDF အဖွဲ့က စဥ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ မတ္တရာတို့ကို သိမ်းယူခဲ့ပါတယ်။