Home
ဆောင်းပါး
စစ်ကောင်စီ အရေးနိမ့်နေချိန် ကြီးထွားလာသည့် တရုတ် လွှမ်းမိုးမှု
DVB
·
August 5, 2024
Design-DVB

သမိုင်းတလျှောက် အဆိုးရွားဆုံး စစ်ရှုံးမှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) မဟာမိတ်အဖွဲ့တို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေကို တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲတွေရဲ့ အဓိကဦးတည်ချက်ကတော့ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ကြား တိုက်ပွဲတွေကြောင့် ရပ်တန့်နေတဲ့ ကုန်းကြောင်း ကုန်သွယ်ရေးကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ မေလလယ်မှာ ဆွေးနွေးပွဲတွေ ပျက်ပြယ်ခဲ့ရမှုနဲ့ ဇွန်လနှောင်းပိုင်းမှာ တိုင်းရင်းသား မဟာမိတ်အဖွဲ့ရဲ့ စစ်ကောင်စီအပေါ် ထိုးစစ်ပြန်စမှုတွေက တရုတ်နိုင်ငံအတွက် ရတက်မအေးစရာ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ တိုက်ပွဲတွေအပေါ် လွှမ်းမိုးနိုင်တဲ့ ဩဇာပါဝါရှိတယ်လို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံးက မှတ်ယူထားကြဆဲပါ။ နောက်ပြီး တရုတ်နိုင်ငံဟာ သူ့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက် နေရာတခု အဖြစ်နဲ့သာ မြန်မာနိုင်ငံကို ရှုမြင်ထားပြီး နှစ်နိုင်ငံနယ်စပ် ငြိမ်ချမ်းရေးအတွက် စိုးရိမ်မှုက အနည်းငယ်မျှသာဖြစ်တယ် ဆိုတာကိုလည်း အားလုံးက သဘောပေါက် နားလည်ထားကြပါတယ်။

ဒါ့ကြောင့်ပဲ တရုတ်ဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်ပြီး သူ့ရဲ့ရပ်တည်ချက် အနေအထားကို ပိုမိုခိုင်မာစေဖို့အတွက် တိုက်ခိုက်ရေး အဆင့်သစ်တခုကို လုပ်ဆောင်နိုင်ဖွယ် ရှိနေတာပါ။

ဒီလို ခင်းကျင်းလာတဲ့ အရွေ့တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရရေး နည်းလမ်းရှာနေကြတဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ တကယ့်ကို စိုးရိမ်ပူပန်သင့်ကြပါတယ်။

အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်တဲ့  မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကနေ ဒီဇင်ဘာလ ကာလအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းများ အပါအဝင် စတုရန်းမိုင် ၇,၇၀၀ ကျော်အထိ နယ်မြေစိုးမိုးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့အတွက် ၁၀၂၇ စစ်ဆင်ရေးလို့ လူသိများတဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ထိုးစစ်ကို အခွင့်ကောင်းယူ အသုံးချပြီး တရုတ်ဟာ အထူးသဖြင့် ကိုးကန့်ရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က တရုတ်နယ်စပ်မှာ ဆောင်ရွက်နေတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပါတယ်။

အဲဒီနောက် ဟိုင်ဂင်သဘောတူညီချက်လို့ နာမည်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ သံတမန်ရေးနည်းကို အတင်းအကျပ် အသုံးပြုခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ရပ်တန့်သွားဖို့ မရှိမဖြစ် လိုအပ်ပြီး ကုန်းကြောင်း ကုန်သွယ်ရေး အပါအဝင် တရုတ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို အတူလက်တွဲ ကာကွယ်သွားကြဖို့လည်း တိုက်တွန်းထားတာပါ။

ဟိုင်ဂင် သဘောတူညီချက် ဇန်နဝါရီ ၁၂ ရက်မှာ အသက်ဝင်ပြီးတဲ့နောက် တရုတ်ဟာ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့အတွက် နောက်ထပ် သဘောတူညီချက်တွေ ဖော်ဆောင်ဖို့ စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ကို စတင် တိုက်တွန်းပါတယ်။

တရုတ်ရဲ့ ယူနန်ပြည်နယ်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲတွေမှာ ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေအခြေအနေနဲ့ ကုန်သွယ်ရေးဝင်ငွေ မျှဝေယူရေးတို့ကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ ဧပြီလအရောက်မှာ ဆွေးနွေးပွဲတွေဟာ မြေပြင်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ တကယ့်အခြေအနေမှန်နဲ့ သက်ဆိုင်မှု မရှိတော့ဘူးဆိုတာ ထင်ရှားလာပါတယ်။

နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေးအတွက် စစ်တပ်ကို မိတ်ဖက်ငယ်အဖြစ် သတ်မှတ်ပြီး ညီနောင် ၃ ဖွဲ့ရဲ့ နယ်မြေထိန်းချုပ်မှုကို အပြန်အလှန် အသိအမှတ်ပြုတဲ့အနေနဲ့ စစ်တပ်က သူတို့ရဲ့နယ်မြေမှာ အမည်ခံသဘောသာထားရှိရေးစတဲ့ အဆိုပြုချက်တွေကို ဆွေးနွေးသွားဖို့ တရုတ်က ရည်မှန်းထားတာပါ။

အဲဒီလိုအချိန်မှာ စစ်ကောင်စီလက်အောက်ခံ တပ်တွေဟာ ရှမ်းမြောက်မှာ ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေ ပြန်ယူနိုင်ရေး အစီအစဉ်တွေကို အကောင်အထည်ဖော်နေပါတယ်။ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း အစီအစဉ်ကနေ ရှမ်းမြောက်နဲ့ မန္တလေးတိုင်း ဒေသတွေမှာ ဒရုန်းတပ်ဖွဲ့နဲ့ စစ်အင်အား လက်နက်အင်အား ပြန်လည်ဖြည့်တင်းတာတွေ လုပ်ပါတယ်။

ဒါကို ညီနောင် ၃ ဖွဲ့ကလည်း သတိထားမိပြီး ၁၀၂၇ စစ်ဆင်‌ရေးရဲ့ အဆင့်သစ်အတွက် ပြင်ဆင်မှုတွေနဲ့အတူ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ထိန်းချုပ်မှု ပိုမိုခိုင်မာအောင် လုပ်ဆောင်ပါတယ်။

၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်မှာ စတင်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ၀၃၀၇ စစ်ဆင်ရေးက ညီနောင် ၃ ဖွဲ့အတွက် သူတို့ရဲ့ သီးခြားထိုးစစ်ဆင်မှုတွေကို နောက်တဆင့်တက်ဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။ ၀၃၀၇ စစ်ဆင်ရေးမှာ KIA ဟာ တရုတ်နယ်စပ်တလျှောက်နဲ့ ကချင်ပြည်နယ်တဝန်းမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို အချိန်တိုအတွင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မေလမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမတိုင်ခင် စစ်တပ်က ဆွေးနွေးပွဲစားပွဲဝိုင်းမှာ သူ့ရဲ့ အရှိန်အဝါကို မြှင့်တင်နိုင်ရေး ကြိုးပမ်းမှုအနေနဲ့ ဟိုင်ဂင်သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး  TNLA ကို စတင် တိုက်ခိုက်ပါတယ်။

ဒါပေမဲ့ TNLA ကလည်း သူ့ရဲ့ ထိန်းချုပ်နယ်မြေမှာ ဘယ်စစ်ကောင်စီတပ်မှ ခြေမချနိုင်အောင် ပြင်းပြင်းထန်ထန် တုံ့ပြန်ပါတယ်။ အဲဒီအချိန်ကတည်းက နယ်စပ်ကုန်သွယ်မှု ပြန်စနိုင်ရေး ဆွေးနွေးပွဲတွေဟာ အခြေခံအားဖြင့် မအောင်မြင်နိုင်မှန်း တရုတ်နိုင်ငံဟာ နားလည်လာပါတယ်။

ဆွေးနွေးပွဲတွေ ပျက်ပြီးတဲ့နောက် သီတင်းနှစ်ပတ်အကြာမှာပဲ တရုတ်ဟာ ကိုးကန့်တပ် MNDAA ရဲ့ တောင်းဆိုချက်ကို လိုက်လျောခဲ့ပြီး ၈ လကြာ ဖြတ်တောက်ခဲ့တဲ့ လျှပ်စစ်မီး၊ အင်တာနက်နဲ့ ရေဝန်ဆောင်မှုတွေကို ဇွန်လ ၁ ရက်နေ့မှာ ကိုးကန့်ကို ပြန်ပေးခဲ့တာပါ။

ဒီဝန်ဆောင်မှုတွေဟာ ပြန်လည်သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လိုနေတဲ့ MNDAA အပေါ် တရုတ်လွှမ်းမိုးထားနိုင်တဲ့ နိုင်ကွက်တခုလည်း ဖြစ်ပါတယ်။

တရုတ်က MNDAA ကို ဝန်ဆောင်မှုတွေ ပြန်ပေးမှုဟာ စစ်ရေးဆောင်ရွက်ချက်တွေ ရပ်တန့်နိုင်ဖို့ ညီနောင် ၃ ဖွဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့ ကြီးမားတဲ့ ဖိအားတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ စစ်ကောင်စီအတွက်တော့ စိတ်ထိခိုက်စရာ ဖြစ်ပါတယ်။

ဒီလိုနဲ့ သီတင်း ၃ ပတ် ကြာပြီးနောက် မိုးမိတ်မြို့မှာရှိတဲ့ TNLA အခြေစိုက်စခန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် TNLA က ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကျော့ကို စတင်ကြောင်း ကြေညာပါတယ်။ ဟိုင်ဂင် သဘောတူညီချက်ဟာလည်း ပျက်ပြယ်သွားခဲ့ပါတယ်။

မြောက်ပိုင်း EAO အဖွဲ့များအပေါ် စစ်ကောင်စီ၏ မှားယွင်းစွာ တွက်ဆမှု

ရှမ်းမြောက်မှာ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်မြေပြင်မှာ စစ်ရေးအင်အား မြှင့်တင်တာဟာ စစ်ကောင်စီရဲ့ လုပ်နေကျဗျူဟာ ဖြစ်ပါတယ်။

နောက်ပြီး စစ်ဗိုလ်ချုပ်တွေဟာ ပြည်ထောင်စုနိုင်ငံ‌ရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) လို့ခေါ်တဲ့ မြောက်ပိုင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင် ၇ ဖွဲ့တို့ကြား ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးကို ကြိုးကိုင် ခြယ်လှယ်နိုင်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော်မှုကိစ္စနဲ့ ပတ်သက်ပြီး MNDAA နဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ကြား ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေနဲ့ MNDAA၊  TNLA နဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း SSA တို့ကြား ထိန်းချုပ်နယ်မြေ နယ်နိမိတ်သတ်မှတ်ရေး အငြင်းပွားမှုတွေကို ဇန်နဝါရီလကနေ ဇွန်လအထိ စစ်တပ်က စောင့်ကြည့်ခဲ့ပါတယ်။

ဧပြီလနဲ့ မေလအတွင်းမှာ စစ်တပ်ဟာ MNDAA နဲ့ TNLA တို့ကြား မဟာမိတ်ဆက်ဆံရေးကို ဖျက်ဆီးနိုင်ရေး မဟာဗျူဟာတရပ်အနေနဲ့ TNLA ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတယ်။

MNDAA ဟာ သူလိုချင်တဲ့နယ်မြေတွေ ပြန်ရတဲ့အတွက် ကျေနပ်နေပြီး သူ့နယ်မြေကို လေကြောင်းကနေ တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်တွေက ရှမ်းပြည်နယ်တောင်ပိုင်းအထိ နောက်ထပ် ထိုးစစ်ဆင်လာနိုင်မှုကို အားယုတ်သွားစေလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်တွေက တွက်ဆခဲ့ဟန် ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တွက်ချက်မှုဟာ တက်တက်စင်အောင် လွဲချော်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ TNLA ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း EAO တွေ သိမ်းပိုက်ရရှိခဲ့တဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်ဗိုလ်ချုပ်တွေက ဘယ်တော့မှ လက်လွတ်ခံမှာမဟုတ်ဘူး ဆိုတာနဲ့ TNLA ကို တိုက်ခိုက်ပြီးရင် MNDAA ဘက်ကို ချက်ချင်း မြားဦးလှည့်လာနိုင်တယ်လို့ MNDAA က တွက်ဆခဲ့ပါတယ်။

ဒီလိုယူဆခဲ့လို့ပဲ ဇွန်လကုန်လောက်က TNLA အစပြုခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ MNDAA ပါဝင်လာခဲ့ပုံရပြီး မြန်မာစစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အထိ နယ်မြေချဲ့ထွင်သွားဖို့ ရည်မှန်းချက် ထားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရုတ်အတွက်သာမက EAO တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA ကိုပါ စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။ အောက်မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ ကာလရှည်ကြာနေခဲ့တဲ့ UWSA ဟာ တခြား မြောက်ပိုင်း EAO အဖွဲ့တွေနဲ့လည်း ခိုင်မာတဲ့ ပူးပေါင်းမှုတွေရှိသလို စစ်ကောင်စီနဲ့လည်း အရေးပါတဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေ ရှိနေတာပါ။

အဓိကက FPNCC အဖွဲ့ဝင်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာရင် နယ်စပ်ဒေသ တည်ငြိမ်ရေးကိုပါ ရိုက်ခတ်လာနိုင်တဲ့အတွက် အဲဒီလို ဖြစ်လာမှာကို တရုတ်နဲ့ UWSA တို့က မလိုလားကြပါဘူး။

ဇူလိုင်လမှာ SSA နဲ့ TNLA တို့ကြား ပွတ်တိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် UWSA က အဲဒီနှစ်ဖွဲ့ကြားမှာ ဝင်ရောက်စေ့စပ်မှုတွေ စလုပ်ခဲ့ပြီး ဒါကို တရုတ်ကလည်း ကြိုဆိုခဲ့ပါတယ်။

UWSA ဟာ ရှမ်းပြည်နယ်ရှိ စစ်ကောင်စီနယ်မြေကို SSA က ငြိမ်းချမ်းစွာနဲ့ ထိန်းချုပ်နိုင်အောင် ကူညီပေးခဲ့ပြီး  အခြား ပဋိပက္ခတွေကိုလည်း ပြေလည်အောင် ဖြေရှင်းပေးခဲ့ကာ ကြီးထွားလာတဲ့ သူ့ရဲ့ဩဇာအာဏာနဲ့ လွှမ်းမိုးနိုင်မှုကို ပြသခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ညီနောင် ၃ ဖွဲ့တို့ကြား တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်နေချိန်မှာ UWSA အတွက် ဒုတိယမြောက် အရေးပါဆုံးမြို့ဖြစ်တဲ့ တန့်ယန်းကို စစ်မီးတွေ မကူးစက်စေရေးနဲ့ ကြီးမားတဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ရေးအတွက် UWSA ဟာ တန့်ယန်းမြို့ထဲကို ဝင်ရောက်နေရာယူ ကိုင်တွယ်ခဲ့ပြီး ဒီကိစ္စကို  စစ်ကောင်စီဘက်ကလည်း လက်ခံခဲ့ပုံရပါတယ်။

ဇူလိုင်လလယ်အရောက်မှာတော့ ရှမ်းမြောက်မှာ အသာစီးရ‌ရေး စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တကယ့်ကို စိတ်ပျက်စရာကောင်းလောက်အောင် ကျရှုံးခဲ့တယ်ဆိုတာ သိသာထင်ရှားလာပါတယ်။

FPNCC အနေနဲ့ စစ်တပ်ကို မဟာဗျူဟာမြောက်စွာ အနိုင်ယူနိုင်ခဲ့တဲ့အပြင် ညီနောင် ၃ ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဆက်ဆံရေးဟာလည်း ပိုမိုနက်ရှိုင်းလာပါတယ်။ ဒါဟာ မြောက်ပိုင်း EAO အဖွဲ့တွေနဲ့ NUG တို့ကြားမှာ စစ်‌ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာတယ်ဆိုတဲ့ အချက်ပြမှုလည်း ဖြစ်ပါတယ်။

အကူအညီရရေး တရုတ်အပေါ် စစ်ကောင်စီ၏ အားကိုးရှာမှု

ရှမ်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ကို ညီနောင် ၃ ဖွဲ့ လျင်မြန်စွာနဲ့ ချဉ်းကပ်လာချိန်မှာ အကူအညီ အထောက်အပံ့ ရရေးအတွက် စစ်ရှုံးစစ်ကောင်စီက တရုတ်ကို အားကိုးတကြီး မျှော်လင့်လာပါတယ်။

ဧပြီလအစောပိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်ကို မက်လုံးပေး ဆွဲဆောင်မှုတွေ စလုပ်ပါတယ်။ ပထမဆုံးအနေနဲ့ မြစ်ဆုံစီမံကိန်း ပြန်စဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒီစီမံကိန်းပြန်စဖို့ တရုတ်နိုင်ငံပိုင်ဌာနတခုက ဆယ်စုနှစ်တခုကျော် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံမှာ အများပြည်သူ အားလပ်ရက်အဖြစ် ကြေညာပါတယ်။

နောက်ဆုံးအနေနဲ့ ဇူလိုင်လ အစောပိုင်းက ပေကျင်းမှာကျင်းပတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် ချမှတ်တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကို သမ္မတဟောင်း ဦးသိန်းစိန်ကို စေလွှတ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း ဝါဒဖြန့်လုပ်ရပ်တွေကို ထောက်ခံခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ကို အားယူပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း အဆုံးသတ်ရေးအတွက် ညီနောင် ၃ ဖွဲ့ကို ဖိအားပေးရာမှာ တရုတ်ရဲ့ အကူအညီရဖို့ ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုနဲ့အတူ MNDAA ဘက်ကို အလေးသာနေတဲ့ တရုတ်ကတော့ ရန်လိုမှုတွေ ရပ်တန့်နိုင်မယ့် ရဲတင်းတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အကန့်အသတ်ရှိတဲ့ သူ့ရဲ့ဆန္ဒကို ပြသခဲ့ပါတယ်။

တရုတ်ရဲ့ အာဏာအရ ဇူလိုင် ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း MNDAA က ကြေညာခဲ့ပေမဲ့ တဖက်မှာလည်း လားရှိုးမြို့ကို ငြိမ်းချမ်းစွာနဲ့ သိမ်းယူနိုင်မယ့် မဟာဗျူဟာတရပ်ကို ထုတ်ဖော်ချပြခဲ့ပါတယ်။ အဲဒါကတော့ စစ်ကောင်စီတပ်ကနေ ဘက်ပြောင်းခိုလှုံလာတဲ့သူတွေကို ဆုကြေးငွေတွေ ချီးမြှင့်မယ်လို့ ကြေညာခဲ့တာပါ။

အပြန်အလှန်အနေနဲ့ စစ်ကောင်စီက တရုတ်နယ်စပ်အနီး လောက်ကိုင်ရှိ MNDAA ရဲ့ တည်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲထားပေမဲ့ စစ်ကောင်စီလုပ်ရပ်အတွက် တူညီတဲ့အကျိုးဆက်အနေနဲ့ MNDAA ကလည်း လားရှိုးနဲ့ ကီလိုမီတာ အနည်းငယ်အကွာမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်နယ်စပ်အနီး အရပ်သားပစ်မှတ်တွေကို ဖျက်ဆီးနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တရုတ်က စောင့်ကြည့်နေတဲ့အတွက် လောက်ကိုင်ကို ဖျက်ဆီးပြီးနောက် စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲတွေဟာ အားလျော့လာပါတယ်။

အထူးသဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိမှန်ခဲ့မယ်ဆိုရင် ရလဒ်အနေအထားက ပြောင်းပြန်ဖြစ်သွားနိုင်ဖွယ် ရှိလို့ပါ။

ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီနဲ့ပတ်သက်လို့ တရုတ်ရဲ့ လိုအင်ဆန္ဒတွေကို ထုတ်ဖော်ပြသရာမှာ အရေးပါခဲ့ပါတယ်။

မြန်မာနိုင်ငံရေးပါတီတွေကို တရုတ်နိုင်ငံကို ဖိတ်ကြားတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး သံရေးတမန်ရေး အခင်းအကျင်းတွေ ဆက်တိုက်ဆိုသလို လုပ်ခဲ့ပြီးတဲ့နောက် ဦးသိန်းစိန်ရဲ့ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တရုတ်ကတော့ ရွေးကောက်ပွဲကျင်းပမှုဟာ မြန်မာနိုင်ငံ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့နဲ့ နိုင်ငံတည်ငြိမ်စေနိုင်မယ့် နည်းလမ်းတွေထဲက တခုဖြစ်တယ်လို့ ရှုမြင်ထားတာပါ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ဖိတ်ကြားတာနဲ့ ပတ်သက်လို့ ထင်မြင်ယူဆချက်တွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာ မြန်မာနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ စစ်တပ်က စလုပ်ခဲ့သလိုမျိုး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်ကို ပြန်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း တရုတ်က ခိုင်မာတဲ့ သတင်းစကား ပါးခဲ့ပါတယ်။

ညီနောင် ၃ ဖွဲ့ လားရှိုးကို နီးကပ်လာချိန်မှာ တရုတ်ဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို ပြသရာရောက်တဲ့ အပေါ်လွင်ဆုံး လုပ်ရပ်တခုကို လုပ်ခဲ့ပါတယ်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်ဖို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖိတ်ကြားခဲ့တာပါ။

အခုလို ဖိတ်ကြားရတဲ့ အကြောင်းရင်း ၂ ချက်ရှိပြီး ပထမတချက်အနေနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေမှာ တရုတ်က အဓိကနေရာကနေ ပါဝင်လာမယ့် နိုင်ငံပေါင်းစုံပါဝင်တဲ့ SCO မှာ စစ်ကောင်စီရဲ့ တရားဝင်မှုကို ပြသနိုင်ဖို့ပါ။

ဒုတိယအနေနဲ့ SCO အဖွဲ့ဝင် တခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်း ရရှိစေဖို့ ဖြစ်ပါတယ်။

ဒါဟာ SCO မှာ မြန်မာ့အရေးကို ပိုမိုဆွေးနွေးနိုင်ရေးနဲ့ ဝန်ကြီးများအဆင့်နဲ့ ဝန်ကြီးများအဆင့်အထက် အစည်းအဝေးတွေမှာ စစ်ကောင်စီကို ချန်လှပ်ထားတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို လှည့်စား နေရယူနိုင်ရေး တရုတ်ရဲ့လုပ်ဆောင်ချက် သင်္ကေတ တခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဦးသိန်းစိန်နဲ့ မတူတဲ့အချက်က ဒုခေါင်းဆောင် စိုးဝင်းအနေနဲ့ တရုတ်အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရခဲ့ပါဘူး။

နယ်မြေလွန်ဆွဲမှုများ

မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး MNDAA က အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိနေတာပါ။ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီးတဲ့နောက် ရက်ပိုင်းအကြာမှာပဲ MNDAA က လားရှိုးမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ကြေညာပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ မသိမ်းပိုက်နိုင်သေးတဲ့အတွက် MNDAA ရဲ့ ကြေညာချက်ဟာ စောလွန်းတယ်လို့ ဆိုရမှာပါ။

ဇူလိုင် ၂၉ ရက်မှာ  UWSA က လားရှိုးမှာရှိတဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ရေး စစ်ကောင်စီကို တားမြစ်ဖို့ လားရှိုးမြို့ထဲကို သူ့ရဲ့တပ်ဖွဲ့တွေ စေလွှတ်ထားတဲ့အကြောင်း ကြေညာပါတယ်။

(သြဂုတ် ၃ ရက်မှာ လားရှိုးမြို့အခြေအစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို  MNDAAက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။) 

တရုတ်နိုင်ငံ၏ ကာလရှည် ချဉ်းကပ်မှု

တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရစေလိုတဲ့ဆန္ဒ အနည်းငယ်မျှသာ ရှိပါတယ်။ တရုတ်ဟာ စစ်တပ်အပြင် FPNCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပါ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူသိရှင်ကြား စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ တောက်လျှောက် ပျက်ကွက်နေတာကို ကြည့်ရင် သိမြင်နိုင်ပါတယ်။

နောက်ပြီး နယ်စပ်ဒေသ အေးချမ်းရေးကို စိုးရိမ်မှုကလည်း အပေါ်ယံသာ ဖြစ်ပါတယ်။ အများအမြင်မှာ ကြားဝင်စေ့စပ်တယ် ဆိုတာကလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့အတွက် ပဋိပက္ခအတွင်းမှာ လက်အောက်ခံ နယ်ရုပ်တွေကို ကြိုးကိုင် ချယ်လှယ်နိုင်ရေးနဲ့ တရုတ်ချဲ့ထွင်သွားမယ့် မဟာဗျူဟာမြောက် နယ်စပ်ဒေသတွေမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု လျော့ကျသွားစေလိုတဲ့ ဆန္ဒသဘောက အတွင်းမနောမှာ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင်စွက်ဖက်မှုဟာ ရှမ်းမြောက်မှာ စစ်ကောင်စီ နယ်မြေဆုံးရှုံးရမှုတွေ ပိုမိုရင်ဆိုင်လာရချိန်မှာ ပိုမိုတိုးမြင့်လာဖွယ်ရှိပြီး ရန်လိုမှုတွေ အဆုံးသတ်ဖို့ စစ်တပ်နဲ့ ညီနောင် ၃ ဖွဲ့ကို ဖိအားတွေ ပိုပေးလာနိုင်ပါတယ်။

ဒီအခြေအနေဟာ UWSA အတွက် အမြတ်အထွက်ဆုံး အနေအထား ဖြစ်နိုင်ပါတယ်။ စစ်တပ် ပြိုလဲဖို့ ဦးတည်နေချိန်မှာ UWSA ဟာ သူ့ရဲ့ နယ်မြေထိန်းချုပ်မှုနဲ့ အာဏာလွှမ်းမိုးမှုကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆက်လက် တိုးမြှင့်သွားနိုင်ပါတယ်။

ဒါ့အပြင် UWSA ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေဖြစ်တဲ့ ညီနောင် ၃ ဖွဲ့ဟာလည်း အကျိုးအမြတ်တွေ ရနိုင်ဖွယ် ရှိပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံရနိုင်တဲ့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေ ခံစားရနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ SCO ပလက်ဖောင်းကနေတဆင့် သူ့ရဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ လွှမ်းမိုးမှုကို ဒီထက်မက မြှင့်တင်နိုင်ဖို့အတွက် မြန်မာအကျပ်အတည်းကို အသုံးချသွားနိုင်ဖွယ်ရှိပြီး အာဆီယံနဲ့ အိန္ဒိယတို့အတွက်တော့ အရေးပါတဲ့ အခက်အခဲတခု ဖြစ်လာနိုင်ပါတယ်။

ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းနိုင်ရေးနဲ့ ပတ်သက်လို့  စိုးရိမ်ပူပန်နေကြတဲ့ အမေရိကန်နဲ့ တခြားသဘောထားတူ နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ အခုလို ခင်းကျင်းလာတဲ့ အနေအထားတွေကို ချက်ချင်းတုံ့ပြန်သင့်တဲ့ အန္တရာယ်တခုအဖြစ် မှတ်ယူကြသင့်ပါတယ်။

တိုက်ပွဲတွေမှာ မြန်မာစစ်တပ် ဆက်လက်အရေးနိမ့်နေချိန် UWSA နဲ့ MNDAA တို့လို EAO တွေကို တရုတ်ရဲ့ မျက်နှာသာပေးမှုတွေ မြင့်တက်လာတာဟာ နိုင်ငံရေးဆိုင်ရာ အနာဂတ်အလားအလာမှာ အာဏာရှင်ဆန်တဲ့ ပေါင်းစည်းမှုတွေ ပိုမိုအင်အားကောင်းလာနိုင်တဲ့ နိမိတ်လက္ခဏာဖြစ်ကြောင်း …။

ဂျေဆင်တာဝါ

Ref:USIS

(United States Institute of Peace (USIS) ၏ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ Jason Tower  ရေးသားထားသည့် “ As Myanmar’s Junta Loses Control in the North, China’s Influence Grows” သုံးသပ်ချက်ကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024