နိုင်ငံတော်ရဲ့ပိုင်ရှင်အမှန်ပြည်သူ့ထံက စစ်ဓားပြဂိုဏ်းဟာ တိုင်းပြည်အာဏာကို အလိုမတူဘဲ လုယက်ခဲ့တာ ၃ နှစ်ခွဲ ကြာပြီးတဲ့နောက် အခုဆို နိုင်ငံဟာ ဖရိုဖရဲပြိုကွဲသွားတဲ့အပြင် တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍကြီးတခုလုံး ကသောင်းကနင်းဖြစ်ခဲ့ရတာမို့ တနိုင်ငံလုံးက စစ်အာဏာရှင်စနစ်ဆန့် ကျင်သူတွေရော၊ စစ်အာဏာရှင်စနစ်ထ ထောက်ခံသူအားလုံးဟာ ဆင်းရဲနွမ်းပါးငတ်မွတ်ခေါင်းပါးမှုဒုက္ခမျိုးစုံကို ခါးစည်းခံနေပြီ ဖြစ်ပါတယ်။
စစ်မကောင်းဆိုးဝါးမင်းအောင်လှိုင်လက်ထက်မှာ မြန်မာကျပ်ငွေဟာ တန်ဖိုးမဲ့သထက်မဲ့လာပြီး စက္ကူစုတ်သဖွယ် ဖြစ်လာခဲ့ရတာဟာ သူ့ရဲ့အရည်အချင်းမဲ့မှုနဲ့ ယုတ်ညံ့တဲ့ မကောင်းဆိုးဝါးစိတ်ဓာတ်ကို ရည်ညွှန်းနေတာဖြစ်ပါတယ်။ သူ့ရဲ့အတွေးအခေါ် အပြောအဆို၊ အပြူအမူ၊ လုပ်ကိုင်မှုတွေကိုကြည့်လိုက်ရင် သူဟာအာဏာရူးဖို့သာသိပေမဲ့ နိုင်ငံရေးလည်း နားမလည်၊ အုပ်ချုပ်ရေးလည်း မစီမံတတ်၊ စီးပွားရေးလည်း မနိုင်နင်း၊ စစ်ရေးကြည့်ပြန်တော့ စစ်သေနင်္ဂဗျုဟာ မကျင်လည်ဘဲ အဆောင်ယတြာ၊ လက်ဖွဲ့အားကိုး ကြောက်စိတ်နဲ့မျက်စိမှိတ်စစ်တိုက်ခဲ့တာမျိုးဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
မကြာသေးခင်က ဘဏ်တွေကထုတ်ပေးတဲ့ တသောင်းတန် ငွေစက္ကူအသစ်တွေရဲ့ဂယက်ကြောင့် ရွှေဈေး၊ ဒေါ်လာဈေးတွေ အလှုပ်အခတ်များနေခဲ့ရာက ပြီးခဲ့တဲ့ဇူလှိုင်လ ၂၆ ရက်နေ့တုန်းက သူတို့စနက်ကြောင့် တရိပ်ရိပ်ထိုးတက်လာတဲ့ကုန်ဈေးနှုန်းကြောင့် ဆူပူလာမှာစိုးရိမ်ပြီး ဆေးမြီးတိုနဲ့ကုသဖို့ ဝန်ထမ်းတွေကို ကျပ်ငွေ ၃၀,၀၀၀ ထပ်ဆောင်းခံစားခွင့် လစာတိုးပေးမယ်ဆိုတဲ့ တနပ်စားဉာဏ်နဲ့ စစ်အကြမ်းဂိုဏ်းရဲ့ကြေညာချက်ထွက်ခဲ့ပြီးတဲ့နောက် မြန်မာကျပ်ငွေတန်ဖိုးဟာ ကျသထက်ကျလာတာမို့ ဒေါ်လာဈေး ရွှေဈေးတွေက တဟုန်ထိုးမြင့်တက်သွားစေခဲ့ပြန်ပါတယ်။
ဇူလိုင် ၂၉ ရက် ပြင်ပ ရွှေမှောင်ခိုဈေးကွက်မှာ အကယ်ဒမီ မီးလင်းအခေါက်ရွှေ တကျပ်သားကို မြန်မာကျပ်ငွေ ၆၈၂၀၀၀၀ ထိ စံချိန်တင်ထိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာငွေလဲနှုန်းက တဒေါ်လာကို မြန်မာကျပ်ငွေ ၅၄၀၀ ကျော်ထိ ဈေးပေါက်နေပြီဖြစ်မို့ ပြည်တွင်းစစ်မီးလျှံအောက်ကတိုင်းပြည်မှာ ရှိရှိသမျှကုန်ပစ္စည်းအားလုံးရဲ့ ကုန်ဈေးနှုန်းတွေဟာ ဘယ်ခေတ်မှာမှာ မကြုံစဖူးအောင် မရပ်မနားတရှိန်ထိုးတက်လာနေပြီဖြစ်ပါတယ်။
စားအုန်းဆီ တပိဿာကို ၁၅,၀၀၀ ကျပ်၊ သဘာဝမြေပဲဆုံဆီ၊ဆုံကြိတ်မြေပဲဆီတပိဿာကို ၁၉,၅၀၀ကျပ်၊ ဆန်ချောက တအိတ်က နှစ်သိန်းနီးပါး၊ ဆန်ကြမ်း ဆန်ကွဲဆန်လတ် တပြည်ကို ၅၀၀၀ ကျပ်ထိရောက်ရှိ ခေါင်ခိုက်နေပြီး စက်သုံးဆီစျေးနှုန်းတွေကတော့ 92 ဓာတ်ဆီ တလီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တလီတာ ၂၇၅၀ ကျပ်လို့ စစ်ဓားပြဂိုဏ်းက သတ်မှတ်ထားပေမဲ့ အသုံးလိုသလောက်မရနိုင်ဘဲ အပြင်မှာ တလီတာဗူးကို ၃၀၀၀ ကျပ် ကျော်ပေးဝယ်နေကြရပါတယ်။
အသားငါးဆိုရင်လည်း အမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၃၀၀၀ ဖိုးဝယ်ယူမှသာ ရရှိနိုင်တော့သလို ငရုတ်သီးစိမ်းကဲ့သို့သော ကုန်စိမ်းကိုတောင် အနည်းဆုံး ကျပ် ၅၀၀ ဖိုးမှ စတင်ဝယ်ယူနေရပြီး ၊ ချဉ်ပေါင်ရွက်တစည်းကို ကျပ် ၂၀၀ ၊ ငါးပိရည် ၁၀ ကျပ်သား ကျပ် ၁၀၀၀ ကျော်နေတာမို့ ပြည်သူလူထုအများစုဟာ မလောက်ငှကြတော့ပါဘူး။ စစ်ဖြစ်နေတဲ့ဒေသတွေဆို ကုန်စည်စီးဆင်းမဲ့ လမ်းပန်းဆက်သွယ်ရေးကိုဖြတ်တောက်ထားတာမို့ အပေါ်က ကုန်ဈေးနှုန်းထက်အဆမတန်မြင့်မားနေတဲ့အပြင် မြန်မာငွေရှိတာတောင် ပစ္စည်းမရှိတော့ ဝယ်လို့မရကြတော့ပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာလုယူမှု မဖြစ်ခင်က တလုံးလျှင် ၁၂၀ ကျပ်သာရှိတဲ့ ကြက်ဥတလုံးဈေးဟာ ဒီကနေ့ ၂၀၂၄ ခုနှစ်ထဲမှာ ၃၆၀ ကျပ်ဖြစ်လာရတာမို့ ၂ နပ်စာထမင်းဟင်းချက်ဖို့ ငွေ ၁ သောင်း ယူသွားရင်တောင် မလောက်တော့ဘဲ အရာရာမှာတွက်ချက်ပြီး လျော့ပေါ့ချွေတာကြရတာမို့ အရည်အသွေးနိမ့် ဈေးအနည်းဆုံးအစားအသောက်တွေနဲ့ရှင်သန်ကြရပါတယ်။
စစ်အကြမ်းဖက်ဂိုဏ်းရဲ့အာဏာရမ္မက်ငမ်းငမ်းတက်မှုကြောင့် မြန်မာကျပ်ငွေဟာ စက္ကူစုတ်သဖွယ် ဖြစ်ခဲ့ရတာမို့ အခြေခံလူတန်စားဆင်းရဲသားလက်လုပ်လက်စားတွေကို နူရာဝဲစွဲ လဲရာသူခိုးထောင်း ခံရသလို ဖြစ်အောင် ငတ်မွတ်ခေါင်းပါးမှု ဒုဗ္ဘိက္ခန္တရကပ်ကိုဆိုက်ရောက်စေခဲ့တာဖြစ်တယ်။
တိုင်းပြည် စီးပွားရေးပျက်လို့ အလုပ်အကိုင်ရှားပါး ဝင်ငွေနည်းပါးလာတာမို့ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပန်းရံ၊ အုတ်သယ်စတဲ့ နေ့စားအခြေခံ အလုပ်သမားတွေရဲ့ တနေ့ လုပ်ခလစာဟာ ကျပ် ၇၀၀၀ မှ ကျပ် ၁၀၀၀၀ ဝန်းကျင်သာရကြပြီး ကျွမ်းကျင်အလုပ်သမား တနေ့ လုပ်ခလစာဟာ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ ကျော်သာ ရရှိကြတာမို့ ၊ အိမ်ငှားစရိတ်၊ အထွေထွေစရိတ်၊ ကျန်းမာရေးစရိတ်မနုတ်သေးဘဲ အလုပ်သွားအပြန် ကားရထားခရီးစရိတ် ဓာတ်ဆီစရိတ် နုတ်လိုက်ရင်ကို အလုပ်သမားတွေ အလုပ်သမားတွေလက်ထဲ စားသောက်ဖို့ မလုံလောက်နိုင်တော့ပါဘူး။
စစ်ဘေးရှောင်တွေသာမက မြို့ပေါ်က လက်လုပ်လက်စားဆင်းရဲသားမိသားစုတွေ၊ ခလေးသူငယ်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေဟာ ထမင်း ၂ နပ်မစားနိုင်သူတွေရှိလာသလို၊ ဆန်အစစ်မစားနိုင်ဘဲ ဆန်ကွဲလို အစာကြမ်းတွေနဲ့အာဟာရချို့တဲ့စွာ လူစဉ်မမီဘဲ ရရာအသီးအရွက်တွေ ခူးယူ စားသောက်ရှင်သန်နေကြရတာဟာ အာဏာရူးမိစ္ဆာယုတ်မင်းအောင်လှိုင်နဲ့ နောက်လိုက်လက်ပါးစေ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတသိုက်တို့ နိုင်ငံတော်အာဏာကို လက်နက်အားကိုးလုယူခဲ့ကြလို့ပါပဲ။
ဒါကြောင့်မို့လို့လည်း ပြီးခဲ့တဲ့ဇူလိုင်လ ၁၇ ရက်နေ့တုံးက သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့စီးပွားရေးနှင့် လူမှုရေးကောင်စီအဆင့် နိုင်ငံရေးရာဖိုရမ်၊ ဝန်ကြီးအဆင့်အထွေထွမူဝါဒရေးရာဆွေးနွေးမှု အစီအစဉ်မှာ၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်သူ ၁၃ ဒသမ ၃ သန်း ခန့်ဟာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်ရနိုင်ပြီး ကလေးသူငယ် ၅ သိန်းခန့် ယခုနှစ်အတွင်း အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရနိုင်တယ်လို့ တင်ပြခဲ့ပါတယ်။
ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် သူတို့နဲ့မထိုက်တန်တဲ့နိုင်ငံ့အာဏာကိုဇွတ်လုယူ ဆုပ်ကိုင်ထားတဲ့ စစ်မကောင်းဆိုးဝါးတွေရဲ့ ဆင်ခြင်တုံတရားမဲ့မှု၊ အသိဉာဏ်နည်းမှု၊ အတ္တကြီးမားမှု၊ ရာထူးအာဏာဥစ္စာ လောဘဇောတက်မှု၊ စိတ်ဓါတ်ယုတ်ညံမှုနဲ့လုပ်ရည်ကိုင်ရည်ညံ့ဖျင်းနိမ့်ကျမှု ကိုယ်ကျင့်သီလ ဆိုးယုတ်ပျက်ယွင်းမှုကြောင့် ဒီကနေ့ မြန်မာနိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာအရာရာပြိုလဲပျက်စီးပြီး ကျရှုံးနိုင်ငံအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ငွေကြေးဖြစ်တဲ့ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခဲ့ရတာမို့ တန်ဖိုးမဲ့စက္ကူစုတ်သဖွယ်ဖြစ်လို့ လာနေပါပြီ။
နိုင်ငံနဲ့ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဒုက္ခပေးခဲ့ကြတဲ့ မိစ္ဆာယုတ်မင်းအောင်လှိုင်နဲ့ စစ်မကောင်းဆိုးဝါးတပ်ဟာ ပြည်သူလူထုရဲ့ခေါင်းပေါ် စစ်ဖိနပ်နဲ့တက်နင်းပြီး ကျောချနေကြတဲ့ စစ်ဓားပြတွေသာဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်စတဲ့ ကပ်ကြီး ၃ ပါးစလုံးကို ဆိုက်ရောက်အောင်ဖန်တီးခဲ့ကြတဲ့ စစ်ရာဇဝတ်တရားခံတွေလည်း ဖြစ်ကြပါတယ်။
ဒါကြောင့် ပြည်သူအလိုမတူတာသိပါရက်နဲ့ စစ်မိစ္ဆာဓားပြဂိုဏ်းဟာတိုင်းပြည်ကိုချနင်းလို့ ရက်စက်မှုတွေကမ်းကုန်အောင်ကျုးလွန်နေကြပြီး အစွမ်းကုန်ယုတ်မာနေကြတာမို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံဟာ ငတ်မွတ်ခေါင်းပါးမှုဘေးဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ အနာရောဂါကျရောက် သေဆုံးရတဲ့ဘေးဆိုတဲ့ ရောဂန္တရကပ်၊ လူ အချင်းချင်း ရန်ပြုသတ်ဖြတ်ခံရတဲ့ ဘေးးဆိုတဲ့သတ္ထန္တရကပ် စတဲ့ ကပ်ဘေးကြီးတွေက လွတ်မြောက်လို့ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကို တည်ထောင်ပိုင်ဆိုင်လိုတယ်ဆိုရင်ဖြင့် ပြည်တွင်းစစ်မီးကို မွေးမြူပြီး စစ်နဲ့လုပ်စားနေကြတဲ့ မိစ္ဆာယုတ်တွေကို မွေးဖွားပေးနေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ညီညွတ်စည်းလုံးစွာ ပြတ်ပြတ်သားသား ဝိုင်းဝန်းတိုက်ဖျက်ကြဖို့မှတပါး အခြားမရှိပါကြောင်း။
မင်းကောင်းချစ်