လူထုနဲ့ကင်းကွာတဲ့ နိုင်ငံရေးစကားပြောသူတွေဆီက “ထူးတွေတည့် ဆန်းရာသော် အယူအဆ” တွေ မြင်နေ ကြားနေရပါတယ်။ အထူးသဖြင့် စစ်ဘောင်ကျယ်လာတာမှာ လက်နက်ကိုင်တော်လှန်ရေးက တရားခံဖြစ်နေသလိုမျိုး၊ စစ်ဖြစ်နေလို့ ဒီမိုကရေစီကို မကျင့်သုံးနိုင်တော့တာလို့ ယူဆကောက်ချက်ချတာမျိုး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲရလဒ်အပေါ် တိုက်ရိုက်ထိခိုက်စေသလို ပြောဆိုတာမျိုးတွေပေါ့။
လက်နက်ကိုင်တော်လှန်ရေးကြောင့် စစ်ဘောင်ကျယ်လာတာလို့ ယူဆတဲ့ အတွေးဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့၊ သားကောင်ကို တရားခံလုပ်တဲ့ အတွေးမျိုးပါပဲ။ စစ်ကောင်စီရဲ့ စစ်ရေးနည်းနဲ့ အာဏာကို ဗြောင်ကျကျ ကျင့်သုံးလာခြင်းကိုသာ စစ်ဘောင်ကျယ်လာခြင်း၊ စစ်တွင်းနက်လာခြင်းလို့ အမှန်အတိုင်း တရားခံစစ်ကို မမြင်နိုင်တဲ့ အတွေးမျိုးပေါ့။ ဆိုရှယ်မီဒီယာမှာ ပရိုဖိုင်ပုံအနက်လေး ပြောင်းရင်တောင် ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ကောင်စီရဲ့ စစ်ဘောင်ကြီးကို အကြမ်းမဖက်တဲ့နည်းနဲ့ တုံ့ပြန်ရမယ် ဆိုတာအပေါ် ယုံကြည်ချက် မဲ့သွားကြတဲ့အခါ ဓားကို ဓားချင်း၊ လှံကို လှံချင်း၊ ကျည်ကို ကျည်ချင်းနဲ့သာ ရင်ဆိုင်တော့မယ်လို့ ဆုံးဖြတ်ကြတာမျိုးကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်ခဲ့တာလို့ ဆိုရမှာပါ။ စစ်ကောင်စီရဲ့ စစ်ဘောင်ဟာ လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်ဆိုတဲ့ ဒီမိုကရေစီ ကျင့်သုံးမှုတွေကို ဖျက်ဆီးခဲ့တာ သေချာပါတယ်။ အဲဒီစစ်ဘောင်ကြောင့်သာ ဒီမိုကရေစီကို ကျင့်သုံးလို့ မရတာပါ။
စစ်ဘောင်ကျယ်နေသရွေ့ ဒီမိုကရေစီကို မကျင့်သုံးနိုင်ဘူးလို့ နားလည်ထားကြသူတွေရဲ့ ထူးဆန်းတဲ့ နောက်အတွေးကတော့ စစ်တပ်က ကြည်ဖြူ ပူးပေါင်းလာအောင် လုပ်တာကသာ ဒီမိုကရေစီကို ကျင့်သုံးနိုင်အောင် ကြိုးစားတာလို့ တွေးတာပါ။ လက်နက်ကိုင် တော်လှန်ရေးကြောင့် ဒီမိုကရေစီကို မကျင့်သုံးနိုင်တော့ဘူးလို့ သူတို့ပြောကြတာဟာ လူထုအနေနဲ့ စစ်ကောင်စီအလိုကျ တွေးခေါ်ပြောဆိုနေတဲ့ သူတို့တွေအပေါ် အပြင်းစား တုံ့ပြန်ကြတာကို ဆိုလိုချင်ပုံပါ။ တနည်းအားဖြင့် သူတို့အနေနဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့် မရနေဘူးလို့ ခံယူလိုက်တာမျိုးပေါ့။ တကယ်က သူတို့တွေးတာနဲ့ မတူတဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ တွေးနေကြတဲ့ လူထုအများရဲ့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို သူတို့ကိုယ်တိုင်က အသိအမှတ် မပြုနိုင်ကြဘဲ သူတို့လိုလိုက်တွေးမှ ဒီမိုကရေစီကို လိုလားသူတွေလို့ သူတို့က သတ်မှတ်ပေးမယ့် သဘောမျိုးပါပဲ။
နောက်ထပ် ရယ်စရာကောင်းတာကတော့ မဲဆန္ဒရှင်များရဲ့ သဘောထား ဆိုတာမျိုးကို အလေးမထား၊ ထည့်မတွက်ဘဲ ရွေးကောက်ပွဲကော်မရှင်ကသာ အခရာကျသလို တွေးတော ပြောဆိုတာပါ။ အာဏာရပါတီက ဖွဲ့စည်းပေးတဲ့ ရွေးကောက်ပွဲကော်မရှင်မို့ ဘက်လိုက်တဲ့ အခင်းအကျင်းမျိုးကို လုပ်လို့ ရွေးကောက်ပွဲရလဒ်တွေက မှားယွင်းသယောင် ပြောဆိုနေတာဟာ မဲဆန္ဒရှင်လူထုကို အထင်သေးလွန်းရာ ရောက်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ဒိုင်လူကြီး မဟုတ်ပါဘူး။ မဲဆန္ဒရှင်လူထုကသာ အဆုံးအဖြတ်ပေးသူပါ။ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရွေးကောက်ပွဲဥပဒေနဲ့အညီ တာဝန်ထမ်းရတဲ့ အစုအဖွဲ့သာ ဖြစ်ပါတယ်။ သူ့မှာ လုပ်ပိုင်ခွင့်နဲ့အတူ လွတ်လပ်ခွင့်ရှိဖို့ လိုတယ်ဆိုပေမဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အကောင်းဆုံး အသုံးချပြီး အဆုံးအဖြတ် ပေးပိုင်ခွင့်ဟာ မဲဆန္ဒရှင်လူထုရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
“တကယ်တော့ နိုင်ငံရေးပါတီဆိုတာ နိုင်ငံတခုလုံးအတွက်ဖြစ်ဖြစ်၊ ကိုယ် ကိုယ်စားပြုလိုရာ၊ ကိုယ့်နိုင်ငံရေးမူဝါဒ သက်ရောက်လိုရာ နယ်မြေတခုခုအတွက် ဖြစ်ဖြစ် ရည်စူးပြီး မူဝါဒ၊ လမ်းစဉ်၊ ဗျူဟာတွေကို ချမှတ်သလို အကောင်အထည် ဖော်ရတာမျိုးပါ။ အဲဒီ အချုပ်အခြာနယ်မြေမှာ နိုင်ငံရေးအာဏာ ကျင့်သုံးခွင့်ကို ရဖို့ဆိုတာ လူထုဆီက ကိုယ်စားပြုခွင့်ကို အဲဒီမူဝါဒ၊ လမ်းစဉ်၊ ဗျူဟာတွေအပေါ် အခြေခံပြီးမှ တောင်းခံရတာပါ။ ရွေးကောက်ပွဲဆိုတာ လူထုဆီက ကိုယ်စားပြုခွင့်ကို ရဖို့ ဖြတ်သန်းရတာမျိုးသာ ဖြစ်ပြီး တခြားပြိုင်ဘက်ပါတီနဲ့ ကိုယ်စားလှယ်ကို အနိုင်ရဖို့သက်သက် လုပ်ကိုင်ကြရတာမျိုးမှ မဟုတ်ဘဲ။ ဒါပေမဲ့ မြန်မာ့မြေပေါ်က နိုင်ငံရေးပါတီ အများစုက ရွေးကောက်ပွဲမှာ လူထုဆီက မဲအလုံအလောက် မရရင် မဲရသွားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်နဲ့ ပါတီက အနိုင်ကျင့်တာ ခံရတယ်လို့ တွေးကြပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အဆုံးအဖြတ်ပေးနိုင်စွမ်း အပေါ်မှာတော့ ထာဝရ လျှော့တွက်ကြသလို ဒီလူထုရဲ့သဘောကို နားလည်အောင် ဘယ်လိုကြိုးစားကြမယ်၊ သူတို့ ထောက်ခံချင်လာအောင် ဘာတွေ ဘယ်လို ပြင်ဆင်ကြမယ်လို့လည်း မတွေးတတ်ကြပါဘူး” လို့ ရေးခဲ့ဖူးပါတယ်။
တကယ်လည်း ရွေးကောက်တင်မြှောက်ခံရခြင်းကို အနိုင်-အရှုံးအခြေခံ ခံယူချက်အမြင်တွေနဲ့ ပြောဆိုနေကြတာဟာ ဒီမိုကရေစီရဲ့ သဘောတရားကို လျစ်လျူရှုရာ ရောက်နေပါတယ်။ တကယ်တော့ ရွေးကောက်ခံရတယ်ဆိုတာ တခြားပါတီက ဝင်အရွေးခံသူအပေါ် အနိုင်ရလိုက်တာမျိုး မဟုတ်ပါဘူး။ မဲပေးပိုင်ခွင့်ရှိသူ လူထုဆီက ယုံကြည်ကိုးစားမှုကို အနိုင်ရလိုက်တာပါ။ အရွေးမခံရဘူး ဆိုတာဟာလည်း အရွေးခံရသူကို အရှုံးပေးလိုက်ရတာမျိုး မဟုတ်ဘဲ မဲပေးပိုင်ခွင့်ရှိသူ လူထုဆီက ယုံကြည်ကိုးစားမှုကို အရမယူနိုင်သေးတာပါ။ အဲဒီလို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြရင် ဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ပွဲ ဆိုတာမှာ မဲဆန္ဒရှင် လူထုကသာ အခရာဖြစ်ကြောင်း သဘောပေါက်နိုင်ကြပြီး နောင်မှာ ရွေးကောက်ပွဲကော်မရှင် ကောင်းဖို့ထက် ရွေးကောက်ပွဲဥပဒေတွေ ကောင်းဖို့နဲ့ မဲဆန္ဒရှင်လူထုကို ပိုနားလည်ပေးပြီး စည်းရုံးကြဖို့ လုပ်လာကြမှာပါ။ ဒါမှလည်း နောင်မှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေအဖို့ ဒီမိုကရေစီစနစ်မှာ မဲဆန္ဒရှင်လူထုကို ဦးထိပ်ထားပြီး ရှုမြင် အလေးထားလာကြမှာပါ။
အခုကတော့ လူထုဟာ စစ်လက်နက်ကိုင်သမားတွေအတွက်ရော နိုင်ငံရေးသမားတွေအတွက်ပါ မြေစာပင်ဖြစ်လိုက်၊ အဖြည့်ခံမဲဆန္ဒရှင်ဖြစ်လိုက်နဲ့ ဝဋ်ကြွေးကြီးနေကြရဆဲပေါ့။ ဒါကြောင့်လည်း နိုင်ငံရေးပါတီ တည်ထောင်ရေးမှာတောင် စစ်ဘောင်နဲ့ ဇလုတ်တိုက်ခံပြီးကာမှ စစ်ဘောင်ထဲက ရွေးကောက်ပွဲကော်မရှင် အလိုကျ (လက်နက်ကိုင်ပဋိပက္ခကင်းတဲ့) စစ်ဘောင်ကျဉ်းထဲက နယ်မြေအချို့လောက်မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့ လုပ်နေတာကိုပဲ နိုင်ငံရေးနည်းနဲ့ ဒီမိုကရေစီလုပ်နေတဲ့ သူရဲကောင်းကြီးလို့ ကိုယ့်ဘာသာ ထင်တလုံးနဲ့ ကျေနပ်နေတာ ဖြစ်မှာပါ။
ဒါပေမဲ့ သေချာကြည့်ရင်တော့ လူထုဟာ မြေစာပင်ရော အဖြည့်ခံရော အဖြစ်မခံနေဘဲ သူတို့နည်း သူတို့ဟန်နဲ့ သူတို့ရဲ့ ဒီမိုကရေစီကျင့်စဉ်ကို ဖော်ထုတ်ပြနေတာကိုလည်း တွေ့ကြရမှာပါ။ မိုးကုတ်မှာ ပီဒီအက်ဖ်တွေကို ကြိုဆိုပြကြတာကို စိုးရိမ်သူတွေက အန္တရာယ်များကြောင်း ပြောကြတော့ လူထုဟာ အေးဆေးပဲ ‘လွတ်လပ်မှုအတွက် လွတ်လပ်စွာ ပျော်ရွှင်ပြတာကြောင့် သေရရင်တောင် တန်တယ်’ လို့ သဘောရတဲ့စကားမျိုးနဲ့ တုံ့ပြန်သွားပါတယ်။ မြို့တွေ ၇၀ လောက်ကို သက်တမ်းတို-ရှည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်နိုင်နေတဲ့အထဲမှာ တိုင်းရင်းသားလူမျိုးစု အများအပြား စုပေါင်းနေထိုင်တဲ့ မိုးကုတ်မြို့က သုံးနှစ်သား စစ်သည်တော် တော်လှန်ရေးသမား ပီဒီအက်ဖ်တွေအပေါ် ကြိုဆိုပုံဟာ ထူးခြားလှတယ်လို့ ဆိုရင် ပကတိလူထုရဲ့ အဆုံးအဖြတ်နဲ့ နိုင်ငံရေးရေချိန်ကို လေးစားကြရမှာပါ။
တနည်းအားဖြင့် စစ်အတွင်းပင် ဖြစ်လင့်ကစား ဒီမိုကရေစီရဲ့ အခြေခံ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပြသမှုကို လူထုအနေနဲ့ ကျင့်သုံးပြနိုင်နေသေးတယ်ဆိုတာ နိုင်ငံရေးသမားတွေကို ပြောပြလိုက်တာပါပဲ။ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးသမားတွေ အနေနဲ့ လူထုရဲ့ ပကတိဆန္ဒတွေကို မကင်းကွာစတမ်း နားလည်အောင် ကြိုးစားနိုင်သရွေ့ တော်လှန်ရေးဟာ ညှိုးနွမ်းသွားမှာ မဟုတ်ပါဘူး။
မသီတာ (စမ်းချောင်း)