Home
ဆောင်းပါး
မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၇)
DVB
·
August 2, 2024

(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)

ရွေးချယ်စရာ နိုင်ငံတကာမူဝါဒများ

အနောက်တိုင်းအစိုးရများဟာ မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝ တုံ့ပြန်ဖို့   သမားရိုးကျ နည်းလမ်းတွေကို သုံးပြီး ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ သမားရိုးကျ နည်းလမ်းတွေဟာ မြန်မာ့အရေးရဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေနဲ့ တခြားစီ ဖြစ်နေခဲ့တယ်။ မြန်မာ့ဖြစ်ရပ်တွေရဲ့ အရှိန်အဟုန်နဲ့ လိုက်လျောညီထွေ မဖြစ်ခဲ့ဘူး။ အနာတခြား ဆေးတခြား ဖြစ်နေခဲ့တယ်။ စစ်ကောင်စီကို အရေးယူ ပိတ်ဆို့မှုတွေလုပ်ပြီး ပြည်သူလူထုကို လူသားချင်း စာနာမှု အကူအညီတွေ ပေးတဲ့ နည်းလမ်းကို သုံးခဲ့ကြတယ်။ ဒီနည်းလမ်းက စကတည်းက ကြောင်းကျိုးသင့်မြတ်တဲ့နည်းလမ်း မဖြစ်ခဲ့ဘူး။ ပြည်တွင်းစစ်ကာလ တလျှောက်လုံး အကျိုးသက်ရောက်မှုလည်း ကြီးကြီးမားမား မရှိခဲ့ဘူး။

ဒီလို လေးတိလေးကန် တုံ့ပြန်မှုမျိုးပဲ ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ကမ္ဘာ့ရေးရာ အခြေအနေကြောင့်ပဲဆိုတာ သံသယဖြစ်စရာမရှိအောင် ရှင်းပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့ကြားက ကျယ်ပြန့်တဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှု အတွင်းမှာ ပိတ်မိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီပြိုင်ဆိုင်မှုကြောင့် အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှဒေသ အတွင်းမှာ ပိုပြီးပြည့်စုံတဲ့ နိုင်ငံခြားရေးမူဝါဒတရပ်ကို ကျင့်သုံးဖို့ ခက်ခဲနေပါတယ်။ ပိုဆိုးတာက အနောက်တိုင်းအစိုးရ အများစုဟာ ယူကရိန်းစစ်ပွဲနဲ့ ဂါဇာစစ်ပွဲလို အရေးအခင်းကြီးတွေနဲ့ အလုပ်များနေကြတဲ့ အချက်ပါပဲ။

ဒီလိုဖြစ်ပေမဲ့ မူဝါဒချမှတ်သူတွေအနေနဲ့ နည်းလမ်းအသစ်တွေကို စမ်းကြည့်ဖို့ စိတ်ကူး စိတ်သန်း မရှိတာရယ်၊ စိတ်ဆန္ဒ နည်းလွန်းနေတာရယ်ကလည်း အဓိက အကြောင်းရင်းတွေပဲလို့လည်း ကောက်ချက်ချနိုင်ပါတယ်။ အနောက်တိုင်းအစိုးရတွေ အနေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအကူအညီပေးဖို့ တွန့်ဆုတ်နေတဲ့အပေါ် နားလည်နိုင်ပါတယ်။ စစ်ရေးအကူအညီပေးရင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အနောက်တိုင်းနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြားကစစ်ပွဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအပြင်ဘက်က နယ်မြေတွေမှာ ပေါ်ထွန်းလာတဲ့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီတာမျိုးနဲ့ ပိုအကျိုးများအောင် လုပ်လို့ရပါတယ်။ ဒီ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ပြည်တွင်းစစ်ရဲ့ ရလဒ်အတွက်လည်း အလွန်အရေးပါသလို ပြည်တွင်းစစ် ပြီးဆုံးသွားတဲ့နောက် ရေရှည်လုပ်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ထူထောင်ရေးအတွက်လည်း အလွန်အရေးပါပါတယ်။

ဒီစာတမ်းရဲ့ ဒုတိယပိုင်းက လက်ရှိ အနောက်တိုင်းမူဝါဒရဲ့ အကန့်အသတ်တချို့ကို မီးမောင်းထိုးပြမှာ ဖြစ်ပါတယ်။ နောက်ပြီး လွတ်မြောက်နယ်မြေထဲက စင်ပြိုင်နိုင်ငံ တည်ဆောက်ရေးတွေအပေါ် ပိုပြီး ထောက်ပံ့ကူညီရေးဆိုတဲ့ မဟာဗျူဟာ အသစ်တခုကိုလည်း တင်ပြမှာ ဖြစ်ပါတယ်။ ဒီမူဝါဒဆိုင်ရာ နည်းလမ်းတခုချင်းမှာရှိတဲ့ အကြောင်းအရာများဟာ ရှုပ်ထွေးလွန်းတဲ့အတွက် အသေးစိတ်တင်ပြဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်တင်ပြမယ့် အပိုင်းတွေမှာ အခြေခံမူတချို့ကို အကြမ်းဖျင်းတင်ပြပြီး လွဲမှားတဲ့ အယူအဆတွေကို ဖယ်ရှားဖို့ ကြိုးစားသွားပါမယ်။

အရေးယူပိတ်ဆို့မှုများ

အရေးယူပိတ်ဆို့တာက ရှင်းပါတယ်။ နိုင်ငံတကာဥပဒေကို ထောက်ခံကြောင်း အချက်ပြတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရားလည်းမဝင်၊ အများပြည်သူကိုလည်း အကြမ်းဖက် နှိပ်စက်နေတဲ့ စစ်ကောင်စီကို ဖယ်ကြဉ်ရေး မူဝါဒအပေါ် ထောက်ခံတာလည်း ဖြစ်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေ လုပ်ပေးဖို့နဲ့ သူတို့ဘက်ကို ထောက်ခံအားပေးဖို့ ပြောနေကြတဲ့ တော်လှန်ရေးအင်အားစုတွေကို သင်္ကေတသဘော ထောက်ခံတာလည်း ဖြစ်ပါတယ်။

မဟာဗျူဟာအပိုင်းကတော့ အားနည်းပါတယ်။ အနောက်တိုင်းရဲ့ ဝေဖန်ရှုတ်ချမှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တယောက်မှ ရှက်စိတ်ဝင်ပြီး လုပ်ရပ်ပြောင်းသွားတာမျိုး မရှိပါဘူး။ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတဲ့အတိုင်း စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာနဲ့ အခွင့်ထူးတွေကို စွန့်လွှတ်သွားအောင် ဗီဇာပိတ်တာမျိုးလောက်နဲ့ လုပ်လို့မရပါဘူး။ စစ်ကောင်စီဆီကို လက်နက်နဲ့ ငွေကြေးတွေ စီးဝင်လို့မရအောင် ပိတ်ဆို့တာမျိုးကတော့ သူတို့ရဲ့ စစ်အင်အားကို လျော့ပါးစေနိုင်ပါတယ်။ စစ်မြေပြင်မှာ အင်အားချိန်ခွင်လျှာ ပြောင်းလဲစေနိုင်ပါတယ်။

ပိတ်ဆို့အရေးယူမှုကို လုပ်ဆောင်နေတဲ့သူတွေ အနေနဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်တဲ့ အမှန်တရားတချို့ကို လက်ခံဖို့လိုပါတယ်။ ဒီအမှန်တရားတွေက စိတ်မသက်မသာ ဖြစ်စရာတွေပါ။ ပထမဆုံးကတော့ ကမ္ဘာ့စီးပွားရေးနယ်ထဲက စစ်ကောင်စီရဲ့ ကုမ္ပဏီ ဒါမှမဟုတ် ထုတ်ကုန်ပစ္စည်းတွေကို စျေးကွက်ထဲ ဝင်လို့မရအောင် ပိတ်ဆို့တာက ထိရောက်တဲ့ အရေးယူမှု မပါဝင်ဘူးဆိုရင် ဘာမှ အရာမရောက်ပါဘူး။ ဟိုဘက်ကပိတ်ရင် ဒီဘက်ကို ဖွင့်လိုက်၊ ဒီဘက်ကပိတ်ရင် ဟိုဘက်ကိုဖွင့်လိုက် ဒီလိုပဲ ဖြစ်နေပါမယ်။

အမေရိကန်အစိုးရက အရေးယူပိတ်ဆို့တာမျိုး၊ ငွေကြေးစီးဆင်းမှုကို ပိတ်လိုက်တာက ပိုထိရောက်ပါတယ်။ ဒေါ်လာငွေက ကမ္ဘာ့အရန်ငွေ ဖြစ်နေတဲ့အတွက်ပါပဲ။ ဒါလည်း အချိန်အတိုင်းအတာ တခုအတွက်ပဲ ထိရောက်ပါမယ်။ စစ်ကောင်စီက ကုန်သွယ်မှုကို တခြားငွေကြေးနဲ့ မပြောင်းခင်အထိပဲ ထိရောက်ပါမယ်။ စစ်ကောင်စီရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေက ဒေါ်လာငွေရဲ့ အရေးပါမှုကို ဘယ်လိုရှောင်တိမ်းလို့ ရမလဲ ဆိုတာကို အတွေ့အကြုံတွေ ရှိနေပါပြီ။ အနောက်တိုင်းမဟုတ်တဲ့ နိုင်ငံတွေက အနောက်တိုင်းရဲ့အာဏာကို ဆန့်ကျင်တွန်းထုတ်တဲ့ ရှေ့တန်းစစ်မျက်နှာ အသစ်တခု ဖြစ်လာနေပြီ။

ဒုတိယကတော့ စစ်ကောင်စီရဲ့ ဝင်ငွေအရင်းအမြစ်ကို လက်လှမ်းမမီတဲ့အချက် ဖြစ်ပါတယ်။ တရားဝင်အစိုးရ မဖြစ်သေးပေမဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို ရယူထားတဲ့အတွက် စစ်ကောင်စီဟာ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်နိုင်သလို အစိုးရတခုအဖြစ်နဲ့ ငွေချေးငှားလို့လည်း ရနေပါတယ်။ နိုင်ငံခြားငွေလဲနှုန်းကိုလည်း စိတ်ကြိုက် သတ်မှတ်နိုင်နေပါတယ်။ အလွန်အမြတ်အစွန်းကြီးမားတဲ့ စီးပွားရေးပိုင်းတွေကို အပိုင်စီးထားတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေကို အကာအကွယ်ပေးတဲ့အတွက် ဒေါ်လာငွေ သန်းပေါင်းများစွာကို ရရှိနိုင်ပါတယ်။ ငွေမည်းကို ငွေဖြူဖြစ်အောင် ခဝါချပေးတဲ့အတွက် ဒေါ်လာသန်းပေါင်းများစွာကို သဲ့ယူနိုင်ပါတယ်။

လတ်တလောကာလမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အများစုဟာ အိမ်းနီးချင်းနိုင်ငံတွေကတဆင့် ကမ္ဘာ့စျေးကွက်ထဲကို ဝင်လာနေပါတယ်။ အဲဒီနိုင်ငံတွေက အနောက်တိုင်းရဲ့ အရေးယူပိတ်ဆို့မှုတွေကို မထောက်ခံတဲ့ နိုင်ငံတွေပါ။ (အနောက်တိုင်းစျေးကွက်ကို ဝင်ချင်တဲ့ တချို့ဘဏ်တွေနဲ့ ကုမ္ပဏီတွေကတော့ အဲဒီအရေးယူပိတ်ဆို့မှုတွေကို အလေးဂရုပြုတာမျိုး ရှိနိုင်ပါတယ်)။ ဒီလို အလားတူ စိန်ခေါ်မှုမျိုးတွေက အနောက်တိုင်းရဲ့ လက်နက်ပိတ်ဆို့ရေးမှာလည်း ရှိနေပါတယ်။ စစ်ကောင်စီကတော့ သူ့ရဲ့ အသေးစားလက်နက်တွေနဲ့ ခဲယမ်းကျည်ဆန် အများစုကို သူ့ဘာသာ ထုတ်လုပ်နေပါတယ်။ အကြီးစားလက်နက်တွေကိုတော့ လက်နက်ပိတ်ဆို့ရေးကို လက်မခံတဲ့ ရုရှားနဲ့ တရုတ်တို့ဆီကနေ ရယူပါတယ်။

တတိယအချက်က ပြဿနာအများဆုံးပါပဲ။ အရေးယူပိတ်ဆို့မှုကြောင့် စစ်ကောင်စီ ခံစားရတဲ့ ဒုက္ခမှန်သမျှဟာ တခြားအုပ်စုတွေဆီ ရွှေ့သွားတဲ့အချက်ပါ။ စစ်ကောင်စီက စီးပွားရေးနဲ့ ပတ်သက်ရင် တကယ့်သော့ချက်တွေကို ထိန်းချုပ်ထားတဲ့အတွက် “ပစ်မှတ်ထားပြီးအရေးယူမှု” ဆိုတဲ့ အမည်ကိုယ်တိုင်က မှားနေပါတယ်။ စစ်ကောင်စီအနေနဲ့ တနေရာမှာ ဆုံးရှုံးတာကို တခြားတနေရာမှာ ပြန်ရယူနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သွင်းကုန်ထိန်းချုပ်တာမျိုး၊ နိုင်ငံခြားငွေလဲနှုန်းကို အသေသတ်မှတ်ထားတာမျိုး၊ ငွေစက္ကူရိုက်ထုတ်တာမျိုး ဒီလို အဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ လုပ်ရပ်တွေက တကယ်တော့ သူတို့ဆုံးရှုံးတာကို ပြန်ထေမိအောင် တမင်လုပ်တဲ့ လုပ်ရပ်တွေပါပဲ။

နိုင်ငံတခုလုံးရဲ့ စီးပွားရေးအတွက် ဆိုးရွားတဲ့လုပ်ရပ်တွေဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ ရှင်သန်မှုအတွက်တော့ အလုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အများပြည်သူတွေအနေနဲ့ ငွေဖောင်းပွမှုဒဏ်နဲ့ ဆေးဝါးလို အရေးကြီးကုန်ပစ္စည်း ပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရပေမဲ့ စစ်ကောင်စီဘက်မှာတော့ စစ်လက်နက် အသုံးစရိတ် လျှော့တာ မတွေ့ရပါဘူး။ အရပ်သားတွေ အသေအပျောက်များတဲ့ လေကြောင်းတိုက်ခိုက်မှုကိုတောင် တလထက်တလ ပိုပြီး လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ စာရင်းကို Justice for Myanmar လို အဖွဲ့တွေရဲ့ သုတေသနကတဆင့် သိလာနိုင်ပေမဲ့ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့တာဟာ စီးပွားရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေသလဲ ဆိုတာကိုတော့ မသိရသလောက်ပါပဲ။ လူသန်းပေါင်းများစွာဟာ (အချိန်မရွေး လိမ့်ကျနိုင်တဲ့) တောင်ကမ်းပါးစွန်းမှာ ရပ်နေရတယ် ဆိုတာလောက်ပဲ သိရတယ်။ အလုပ်ပြုတ်တဲ့ သူတွေလည်း အမြောက်အမြားပဲ။ ဒါကြောင့် အရေးယူပိတ်ဆို့မှုကို တာဝန်သိသိ အသုံးချမယ်ဆိုရင် လူ့အဖွဲ့အစည်းအပေါ်မှာ သက်ရောက်မယ့် အကျိုးရလဒ်တွေကို နားလည်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။

သမားရိုးကျ လူသားချင်းစာနာမှု အကူအညီများ

လူသားချင်းစာနာမှု အကူအညီတွေက အသက်နဲ့ ဘဝတွေကို ကယ်တင်ပေးတာ သံသယရှိစရာ မလိုပါ။ ကမ္ဘာတလွှားမှာ အကူအညီပေးတာတွေကို လျှော့ဖို့ တွန်းနေကြပေမဲ့ အနောက်တိုင်း အစိုးရများက မြန်မာပြည်သူတွေကို အကူအညီတိုးပြီးပေးနေတာဟာ ချီးမွမ်းစရာပါ။ ဒါပေမဲ့ အကူအညီ အများအပြားက ဗဟိုချက်နယ်မြေအတွင်းမှာရှိတဲ့ သမားရိုးကျ လူသားချင်းစာနာမှု လုပ်ငန်းအဆင့်ဆင့်ကို ဖြတ်သွားရတဲ့အခါ နောက်ဆုံးတော့ ပဋိပက္ခနယ်မြေတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဆီကို မရောက်နိုင်တော့ပါဘူး။

တကယ်တော့ မြို့ပြဒေသမှာ နေထိုင်တဲ့သူတွေ အတွက်လည်း လူသားချင်းစာနာမှု အကူအညီတွေ အလွန်အမင်း လိုအပ်နေပါတယ်။ ကျေးလက်တောရွာတွေဟာ စစ်တလင်း ဖြစ်လာတဲ့အခါ အဲဒီက ပြည်သူလူထု အများအပြားဟာ မြို့တွေဆီကို ပြောင်းရွှေ့ ခိုလှုံကြရပါတယ်။ ဒါကြောင့် ဗဟိုချက်ဒေသထဲမှာပဲ အကူအညီအားလုံးကို စုရပ်လုပ်ထားတာမျိုး လုပ်စရာ မလိုအပ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နားလည်မှု သဘောတူစာချုပ် လက်မှတ်ထိုးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလှူရှင်တွေကို တားဆီးတာမျိုး မလုပ်သင့်ပါ။ စစ်ဗိုလ်ချုပ်တွေကို ဓာတ်ပုံတွေထဲ ပါဝင်ခွင့်ပေးတာဟာလည်း သူတို့ကို တနည်းတဖုံ တရားဝင်အောင် လုပ်ပေးသလိုဖြစ်ပြီး စစ်ကောင်စီကို အားပေးသလို ဖြစ်နေပါတယ်။ စစ်ကောင်စီဟာ မြန်မာပြည်သူကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန် ရှုတ်ချဝေဖန်တာကို ခံနေရတဲ့ အာဏာရှင်အစိုးရ ဖြစ်ပါတယ်။ ဒီလို အာဏာရှင်အစိုးရမျိုးနဲ့ ဆက်စပ်ရာကတဆင့် ရရှိလာတဲ့ အကျိုးကျေးဇူးဆိုတာ ဘာမှ တန်ဖိုးမရှိပါဘူး။

ဒီကိစ္စဟာ အလွန်အရေးကြီးပါတယ်။ လူသားချင်းစာနာမှု အကျပ်အတည်းရဲ့ ပမာဏက အလွန်ကြီးမားပြီး ရလာတဲ့ အကူအညီတွေက အကန့်အသတ်ရှိတာ ဆိုတော့ အလေအလွင့် မရှိအောင် သေသေချာချာသုံးစွဲဖို့ လိုအပ်ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့ ၂၀ ကိုပဲ ငွေကြေးရန်ပုံငွေ ပေးရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအေဂျင်စီအဖွဲ့ အများစုက ပြည်တွင်းစစ်ကြားထဲမှာ အလုပ်လုပ်ဖူးတဲ့အဖွဲ့တွေ မဟုတ်ပါဘူး။ ဒေသခံ ပရဟိတအဖွဲ့သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အသက်အန္တရာယ်ကြားထဲက အချိန်နဲ့အမျှ အသက်ကယ်တဲ့အလုပ်ကို လုပ်နေစဉ်မှာ ငွေပေးဖို့ လျှောက်လွှာတွေ တင်ကြပါလို့ ပြောရမယ့်ကာလမျိုး မဟုတ်ပါဘူး။ လုပ်ငန်းစဉ်အဆင့်ဆင့်ကို စနစ်တကျလုပ်ပါလို့ ပြောနေရမယ့် အချိန်မျိုးလည်း မဟုတ်ပါဘူး။ ဒါဟာ အလွန်အရေးကြီးတဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ပုံမှန်ထက်ပိုပြီး အချိန်ကြာမယ့် အခြေအနေမျိုး ဖြစ်တယ်။ စံချိန်စံညွှန်းနဲ့အညီ လုပ်ထုံးအဆင့်ဆင့်တွေက ဒါကို အချိန်တိုတိုနဲ့ ပြီးသွားအောင် မလုပ်နိုင်ပါဘူး။ ဘယ်လိုပြောင်းပြီး လုပ်ရမယ်၊ ပိုကောင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာကို မသိတာ မဟုတ်ပါဘူး။ အကြံဉာဏ် မရှိကြတာတော့ မဟုတ်ပါဘူး။ အလှူရှင်တွေက မလုပ်ကြတာသာ ဖြစ်ပါတယ်။

(ဆက်ရန်)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၁)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၂)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၃)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၄)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ ( အပိုင်း ၅)

မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၆)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024