Home
ဆောင်းပါး
ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပါရီအိုလံပစ် ၂၀၂၄
DVB
·
July 29, 2024
Design-DVB

ဇူလိုင် ၂၆ ရက် သောကြာညပိုင်းက ပါရီမှာ ၂၀၂၄၊ အိုလံပစ်ပွဲတော်ဖွင့်ပွဲ အခမ်းအနား ရှိမှန်းသိတယ်။ မိုးတွေက ဆက်တိုက်ရွာ၊ တိုင်းရေးပြည်ရေးက မကောင်း၊ စိတ်ထဲ လေးလံ ညစ်ထေးနေတာနဲ့ စောင့်ကြည့်မနေတော့ဘဲ စောစောအိပ်ရာဝင်ဖြစ်ခဲ့တယ်။ တခုက အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲတွေဆိုတာက သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ prides တွေကို တခမ်းတနား ပုံဖော်ပြသကြတာ မဟုတ်လား။ စကားလုံးမြင့်မြင့်နဲ့ ပြောရင် အမျိုးသားဂုဏ်ပုဒ်တွေ၊ နိုင်ငံရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ခေတ်မီဖွံ့ဖြိုးမှုတွေကိုပါ တပြိုင်တည်း ထုတ်ဖော်ပြသလေ့ရှိတဲ့ ပွဲဆိုတော့ ကိုယ့်နိုင်ငံက နိမ့်ပါးစုတ်ချာ ပျက်စီးနေချိန် သူတပါးနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေကို မကြည့်ရက်တဲ့ ခံစားစိတ်လည်း ရှိနေတာပါတယ်။

မနက်ခင်းကျတော့မှ ပါရီအိုလံပစ်-၂၀၂၄ ရဲ့ တမူထူးခြားပုံတွေကို တအံ့တဩနဲ့ အွန်လိုင်းပေါ်မှာ မြင်တွေ့လိုက်ရတော့တယ်။ မကြည့်လိုက်ရတဲ့ ဗီဒီယိုဖိုင်တွေကို ပြန်ကြည့်ရင်းက ရင်ခုန်စရာ အိုလံပစ်ပွဲတော်ဖွင့်ပွဲတခုကို မြင်တွေ့လိုက်ရတယ်။

ပြင်သစ်ဆိုတာက ဥရောပမှာ ဂန္ထဝင်မြောက် အနုပညာတွေ ထွန်းကားရာအရပ်။ ဘာကိုကြည့်ကြည့် ဂန္ထဝင်ဖြစ်နေ၊ အနုပညာမြောက်နေ။ သမိုင်းအစဉ်အလာအရရော ဒီနေ့ခေတ်အထိ အနုပညာနဲ့ ပြင်သစ်က ခွဲမရဘူး။ ဒီနိုင်ငံမှာ ဂန္ထဝင်အနုပညာရှင်တွေ မွေးဖွားခဲ့တယ်။ ဂန္ထဝင်အနုပညာလက်ရာတွေ ထားရစ်ခဲ့တယ်။ မျိုးဆက်တွေ တဆက်ပြီးတဆက် အနုပညာသစ်တွေ လက်ဆင့်ကမ်းခဲ့ကြတယ်။

အိုလံပစ်ပွဲတော် ဖွင့်ပွဲတွေကို နိုင်ငံတိုင်းက ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပလေ့ရှိကြတယ်။ အကုန်အကျအများကြီးခံပြီး လုပ်ကြတယ်။ အခု ပါရီအိုလံပစ် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားက အရင်ကျင်းပပြီးသမျှ အခမ်းအနားတွေနဲ့ မတူကွဲပြားအောင် ကျင်းပသွားခဲ့တယ်။ သူတို့က out of box စဉ်းစားပုံမျိုးနဲ့ ဖွင့်ပွဲအခမ်းအနားကို ပုံမှန်ကျင်းပနေကျ Stadium based အားကစားကွင်းကို အခြေမခံတော့ဘဲ ပါရီ outdoor တခုလုံးကို ဖွင့်ပွဲအခမ်းအနားနေရာအဖြစ် အသုံးချသွားခဲ့တယ်။

ပုံမှန် အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲတပွဲက ကြီးမားလှတဲ့ အားကစားကွင်းထဲ၊ ပရိသတ် ထောင်သောင်းချီရှေ့မှောက်၊ ရောင်စုံမီးဆလိုက်မျိုးစုံ၊ အကအလှ သရုပ်ဖော်ပြကွက်မျိုးစုံ၊ အဆန်းတကြယ် မီးရှူး မီးပန်းများ ပစ်ဖောက် ဖွင့်လှစ်ကြတာများပါတယ်။

ခု ပါရီအိုလံပစ်ပွဲတော် ဖွင့်ပွဲက ပါရီမြို့တော်ရဲ့ သမိုင်းဝင် landmark အီဖဲလ်တာဝါကို ဗဟိုပြုလို့ ၁၉ ရာစု ဗိသုကာလက်ရာ အဆောက်အဦတွေ စီရီနေတဲ့ စိန်းမြစ်တလျှောက်မှာ ကျင်းပသွားခဲ့တာ ဖြစ်တယ်။ ပွဲတော် ကျင်းပတဲ့နေ့က ရာသီဥတုက မကောင်းဘူးလို့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း မိုးတွေ တဖြောက်ဖြောက် ရွာနေတဲ့ကြားကပဲ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပသွားတာ တွေ့ရတယ်။

နိုင်ငံအလိုက် အားကစားအဖွဲ့တွေဟာ စိန်းမြစ်တလျှောက် ပါရီရဲ့ အထင်ကရ အဆောက်အဦတွေရှေ့က သင်္ဘော၊ စက်လှေကိုယ်စီ၊ အလံကိုယ်စီနဲ့ ဖြတ်သန်းသွားကြတယ်။ ကြည့်ရှုသူတွေက စိန်းမြစ်ကမ်းတလျှောက် တည်ဆောက်ထားတဲ့ ပွဲကြည့်စင်ပေါ်က အားပေးကြည့်ရှုကြတယ်။

ခြောက်ကီလိုမီတာ (၃ ဒသမ ၇ မိုင်နီးပါး) ရှည်တဲ့ စိန်းမြစ်ပေါ်က ချီတက်ပွဲဟာ အီဖဲလ်မျှော်စင် တဖက်ခြမ်းက နာမည်ကျော် Trocadero မှာ အဆုံးသတ်ပြီး အဲဒီမှာ အိုလံပစ် မီးရှူးတိုင်ကို ထွန်းညှိပါတယ်။

စိန်းမြစ်ကမ်းဘေးတလျှောက်က ဆန်းပြားတဲ့ ပြကွက်တွေနဲ့ လေဒီဂါဂါ အပါအဝင် နာမည်ကျော် ဂီတပညာရှင်တွေရဲ့ တီးခတ်မှုတွေက ရင်သပ်ရှုမောစရာဖြစ်ခဲ့တယ်။ ပရိသတ်ရဲ့ နှလုံးသားကို ဆွဲနှုတ်သွားတဲ့ ပွဲသိမ်းအဆိုတော်ကတော့ နာမည်ကျော် “ဆီလိုင်းဒီယွန်” ပါ။ ဂန္ထဝင် သီချင်းတပုဒ် ဖြစ်တဲ့ Edith Piaf ရဲ့ L'Hymne 'a l'amour ကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုပြီး အခမ်းအနားကို သိမ်းသွားခဲ့တယ်။

ကမ္ဘာကျော် ပေါ့ရော့ခ်၊ အဆိုတော် ဆီလိုင်းဒီယွန် ( နာမည်ကျော် Titanic ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေး My Heart Will Go On သီချင်းအပါဝင် အင်္ဂလိပ်၊ ပြင်သစ် သီချင်းမြောက်မြားစွာ သီဆိုခဲ့သူ) က သီချင်းမဆိုတာ၊ စင်ပေါ် ဖျော်ဖြေပွဲ မလုပ်တာ(မလုပ်နိုင်တာ) လေးနှစ်ကျော် ကြာပြီးမှ ပထမဆုံး အီဖဲလ်တာဝါထက်က စင်မြင့်ပေါ်မှာ ဖော်ဖြေသွားခဲ့တာပါ။ အသံဩဇာကောင်းကောင်း၊ mood အပြည်နဲ့ သီဆိုသွားတဲ့ ဆီလိုင်းဒီယွန်ရဲ့ သီချင်းကလည်း ပါရီအိုလံပစ် ၂၀၂၄ ရဲ့ အမှတ်သင်္ကေတဖြစ်ခဲ့တယ်။

ဆီလိုင်းဒီယွန်က ဦးနှောက်အာရုံကြော ပုံမှန်အလုပ်လုပ်မလုပ်တဲ့ stiff-person syndrome ရောဂါဝေဒနာကို ၂၀၂၂ ခုနှစ်ကတည်းက ခံစားနေရပြီး ခုလို စင်မြင့်ပေါ်တက် မဖျော်ဖြေနိုင်တာ ကြာပြီ။ “စင်ပေါ် လေးဘက်တွားပြီး တက်ရ တက်ရ၊  တနေ့ကျရင် ကျမ စင်ပေါ်မှာ ပြန်ဆိုနိုင်ရမယ်၊ ဘာလို့လဲဆိုရင် ကျမက ဆီလိုင်းဒီယွန် ဖြစ်နေပြီး ဒါကို လုပ်ချင်လို့ ဒါကို လုပ်ရမှ ဒါ ကျမရဲ့ဆန္ဒ ဖြစ်နေလို့ပါ။”

ခု ပါရီအိုလံပစ်ပွဲတော်ဖွင့်ပွဲမှာ ပြောစမှတ်တွင်စရာတွေ အများကြီးပါ။ ထူးခြားတဲ့ ပြကွက်တစ်ခုကတော့ စိန်းမြစ်ကမ်း ရဲတိုက်တခုပေါ်က ပြင်သစ်တော်လှန်ရေးကို ဂုဏ်ပြုထားတဲ့ ပြင်သစ် Metal အဖွဲ့ Gojira ရဲ့ တီးခတ်ဖျော်ဖြေမှုပါပဲ။ ရဲတိုက်ပြတင်းပေါက်က ပြင်သစ်-ဆွစ်အော်ပရာအဆိုတော် Marina Viotti ရဲ့ ပါဖောမင့်နဲ့ မီးခိုးလုံးတွေ ထွက်လာပုံတွေ၊ အပြင်းစားဒရမ်နဲ့ ဂစ်တာတီးခတ်ပုံတွေက အိုလံပစ်ပွဲတွေမှာ မြင်ရခဲတဲ့ ပြကွက်တွေပါ။

ကမ္ဘာကျော် ပြင်သစ်ဘောလုံးသမား ဇီဒန်းက မီးရှူးတိုင်ကို စပိန်တင်းနစ်အကျော်အမော် ရာဖေးလ် နာဒယ်ဆီ လက်ဆင့်ကမ်း လွှဲပြောင်းလိုက်တဲ့ မြင်ကွင်းမျိုးက အရင်ကမ္ဘာ့အိုလံပစ်ပွဲတော်တွေမှာ မြင်ရလေ့ရှိတဲ့ မြင်ကွင်းပါ။

ပါရီအိုလံပစ်-၂၀၂၄ ဖွင့်ပွဲဟာ အားကစားကွင်းပြင်ပမှာ ပထမဆုံးကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနား တခုပါ။ အိုလံပစ်ဖွင့်ပွဲအခမ်းအနားတွေထဲ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ၂၀၁၂-လန်ဒန်အိုလံပစ်ကို ကျော်သွားပြီလို့ ဆိုပေမဲ့ စိန်းမြစ်ထဲ သင်္ဘော၊ စက်လှေကိုယ်စီနဲ့ စုန်ဆင်းချီတက်တဲ့ အစီအစဉ်ကတော့ လန်ဒန်အိုလံပစ်ဖွင့်ပွဲရဲ့ episode တခုဆီက inspiration ရယူထားသလားလို့ ထင်မိတယ်။

၂၀၁၂-လန်ဒန်အိုလံပစ် ဖွင့်ပွဲတုန်းက အင်္ဂလန်ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်း လန်ဒန်၊ သိမ်းမြစ်အတွင်းမှာ စပိဒ်ဘုတ်စီးပြီး မီးရှူးတိုင်သယ်လာတဲ့ ပြကွက်ပါခဲ့တယ်။ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ်နဲ့ အင်္ဂလန်ဘုရင်မကြီး အယ်လစ်ဇဘက်(၂) တို့ လေထီးစီးပြီး အားကစားကွင်းထဲ ဆင်းတာတွေကျတော့ ကြိုပြီး ဆင်ရိုက်ထားတာတွေ။

ဘာပဲဖြစ်ဖြစ် အိုလံပစ်ပွဲတော် ဖွင့်ပွဲတွေက နိုင်ငံတွေရဲ့ ဂုဏ်ပုဒ် pride ကို တနည်းတဖုံ ဖော်ထုတ်တာမို့လို့ တနိုင်ငံနဲ့ တနိုင်ငံ၊ ပိုကြီးကျယ်၊ ပိုခမ်းနား၊ ပိုဆန်းပြားအောင် ကြိုးစားကြတာက သဘာဝပါပဲ။

CWM 

Ref: Opening ceremony of Paris Olympic 2024 news and other sources.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013