Home
ဆောင်းပါး
ဒေါ်နယ်ထရမ့်ပ်၊ မြန်မာ့အရေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး 
DVB
·
July 28, 2024
Design-DVB

စင်ကာပူအခြေစိုက် စီအန်အေသတင်းဌာမှ  Leong Wai Kit နဲ့ Jalelah Abu Baker တို့က လာအိုနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး သတင်းသုံးသပ်ချက်တပုဒ် ရေးသားဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ သမ္မတရွေးကောက်ပွဲ အပြောင်းအလဲဖြစ်စဉ်နဲ့ လာမယ့်ရွေးကောက်ပွဲမှာ ထရမ့်ပ်သာ အနိုင်ရခဲ့ရင် အာဆီယံဒေသအပေါ် ဘယ်လို သက်ရောက်မှုရှိနိုင်မလဲဆိုတာရယ်၊ စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံမှာ လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲဖြစ်လာခဲ့ရင် အာဆီယံနိုင်ငံတွေအနေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတာရယ်ပါ။

ခုသီတင်းပတ်အတွင်း လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲ လာမယ့် နိုဝင်ဘာ အမေရိကန် ရွေးကောက်ပွဲက အဓိကခေါင်းစဉ်တခု ဖြစ်လာနိုင်ကြောင်း ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အမေရိကန်မှာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲက နုတ်ထွက်မှုနဲ့ ရီပတ်ဘလစ်ကင် သမ္မတလောင်း ထရမ့်ပ်အပေါ် လုပ်ကြံသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ကြောင်း၊ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံမှုကြောင့် ထရမ့်ပ်ကို ထောက်ခံအားပေးသူတွေ တိုးပွားလာနေပြီး အာဆီယံနိုင်ငံတွေအနေနဲ့ ထရမ့်ပ်သာ ရွေးချယ်ခံခဲ့ရရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။

စင်ကာပူနန်ယန်တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ ဂျိုးဆက်လီအောက ထရမ့်ပ်သာ အာဏာရခဲ့ရင် အာဆီယံဒေသအပေါ် ဘိုင်ဒင်ထက် ပိုအာရုံစိုက်နိုင်ကြောင်း၊ အထူးသဖြင့် ကုန်သွယ်ရေး မမျှတမှုဖြစ်နေမှုအပေါ်မှာ ဖြစ်ပြီး အဲဒီလိုဆိုရင် စင်ကာပူအနေနဲ့ အသက်ရှူချောင်နိုင်ပြီး ဗီယက်နမ်လို နိုင်ငံမျိုးနဲ့ ထိပ်တိုက်တွေ့လာနိုင်ကြောင်း ပြောဆိုခဲ့တယ်။

ပါမောက္ခဂျိုးဆက် လီအောက"တဘက်ကကြည့်ရင် အမေရိကန်နဲ့ ဗီယက်နမ်အကြား မဟာဗျူဟာ တန်ဖိုးနဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းနေဖို့ လိုတယ်။ တဘက်က ကြည့်ပြန်တော့ ဗီယက်နမ်နဲ့ အမေရိကန် ကုန်သွယ်ရေးမှာ ဗီယက်နမ်က နည်းနည်းကလေး အသာစီးရနေတယ်"လို့ ပြေပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး စနေနေ့မှာ နောက်ဆက်တွဲ အစည်းအဝေး နှစ်ခုရှိပြီး ဒီအစည်းအဝေးကို အမေရိကန်၊ အီးယူ၊ တရုတ်နဲ့ ရုရှားတို့ တက်ရောက်ကာ ကမ္ဘာ့အရေးတွေကို ဆွေးနွေးကြမှာဖြစ်တယ်။

ပါမောက္ခ လီအောက “ထရမ့်ပ်သာ အိမ်ဖြူတော်ကို ပြန်ရောက်လာခဲ့ရင် သူက ပြဿနာအားလုံးကို ရှင်းနိုင်ပါလိမ့်မယ်။ ယူကရိန်အရေးဖြစ်စေ၊ ရေလက်ကြားပဋိပက္ခဖြစ်စေ၊ ဂါဇာဖြစ်စေ၊ မြန်မာဖြစ်စေ၊ တောင်တရုတ်ပင်လယ်အရေးဖြစ်စေ သူဖြေရှင်းပါလိမ့်မယ်" လို့ ဆိုတယ်။

ဒါပေမဲ့ ထရမ့်ပ်တကယ်ဦးစားပေးမှာက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပါပဲလို့ သူက ဆိုတယ်။ နိုင်ငံရေး သုံးသပ်သူတွေကတော့ ထရမ့်ပ်နဲ့ ဗန့်စ် အတွဲက တရုတ်ဆန့်ကျင်ရေးကို အဓိကထား လုပ်ဆောင်မယ်လို့ ဆိုတယ်။

ဒေသတွင်းအခြေအနေကို အနီးကပ်ကြည့်လိုက်တော့ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ ရွေးကောက်ပွဲကလည်း မသေချာ မရေရာမှုများစွာ ဖြစ်လာနိုင်တာ တွေ့နေရတယ်။ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုထားတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြားမှာ ရွေးကောက်ပွဲ တကယ်ဖြစ်လာမှာလား၊ တရားမျှတတဲ့ ရွေးကောက်ပွဲရော ဖြစ်နိုင်ပါ့မလား၊ နှစ်ပေါင်းများစွာ ပဋိပက္ခတွေနဲ့ တရွတ်ဆွဲနေတဲ့ အနေအထားကို ဒီရွေးကောက်ပွဲက ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်မလဲ စတဲ့ မေးခွန်းတွေအများကြီး ထွက်ပေါ်လာပါတယ်။

အမေရိကန်အခြေစိုက် Smitsom Center အကြံပေးအဖွဲ့ရဲ့ တရုတ်နဲ့ အရှေ့-အာရှ တွဲဖက်ညွှန်ကြားရေးမှူးနဲ့ အထက်တန်းအဖွဲ့ဝင် ယန်ဆန်းကတော့ “သူတို့ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်က စစ်တပ်က အကြီးအကျယ်ထိန်းချုပ်ထားတဲ့ လာမယ့်အစိုးရတရပ် တရားဝင်မှုရရှိဖို့၊ ဒါမှမဟုတ် စစ်တပ်က နောက်တဆင့် နိုင်ငံရေးကို ခြေလှမ်းဖို့ပဲဖြစ်တယ်"လို့ ဆိုပါတယ်။ စစ်တပ်ကသာ ရွေးကောက်ပွဲကျင်းပခဲ့ရင် သူတို့ပဲ အနိုင်ရမှာဖြစ်တယ်။

ဒါပေမဲ့ အာဆီယံနိုင်ငံတွေက ရွေးကောက်ပွဲအလွန် မြန်မာကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ညီညွတ်တဲ့ အနေအထားနဲ့ လမ်းညွှန်ချက် မရှိသေးဘူးလို့ ဆိုတယ်။ စစ်ရာဇဝတ်မှုတွေ၊ အရပ်သား သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ စစ်တပ်ကို အာဆီယံနိုင်ငံတွေက တရားဝင်အဖြစ် အသိအမှတ်ပြုမလား၊ မပြုဘူးလား တခုခုကို ဆုံးဖြတ်ကြရတော့မယ်။

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးအစီအစဉ်တခုအဖြစ် မြန်မာစစ်ကောင်စီက သဘောတူထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကလည်း အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ မြန်မာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျုက အမှုဆောင်ဒါရိုက်တာ မင်းဇော်ဦးကတော့ ရွေးကောက်ပွဲကျင်းပဖြစ်ခဲ့ရင် စစ်တပ်က နောက်ဆုတ်ရမယ့် အနေအထားတရပ် မြင်တွေ့ရနိုင်တယ်လို့ ဆိုတယ်။

"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သမ္မတဖြစ်ချင်သလား၊ စစ်ဦးစီးချုပ် ဖြစ်ချင်သလား တခုခုရွေးချယ်ရတော့မယ်။ ဒါက သူ့အတွက် ဆုံးဖြတ်ဖို့ မလွယ်တဲ့ ကိစ္စပါ။ ဘာလို့လဲဆိုရင် သူသာ စစ်ဦးစီးချုပ်နေရာကို စွန့်လွှတ်လိုက်ရင် နောက်ရောက်လာမယ့် စစ်ဦးစီးချုပ်က သူ့သဘောသူဆောင်လုပ်လာနိုင်ပြီး သူကိုယ်တိုင် အာမမခံနိုင်တဲ့ အနေအထားကြောင့်ပါ။"

CWM 

Ref: CNA- What upcoming US and possible Myanmar elections could spell for Southeast Asia.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013