Home
ဆောင်းပါး
မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၃)
DVB
·
July 28, 2024
Design-DVB

(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)

ဒုတိယစက်ဝိုင်း -   ပဋိပက္ခနယ်မြေသစ်များ

ပထမစက်ဝိုင်းရဲ့ အပြင်ဘက်မှာ ကျရောက်နေတဲ့ အခြမ်းဖြစ်ပြီးတော့ ဒီနေရာတွေက နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက ပြိုကွဲနေပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းက နေရာတော်တော်များများ၊ မကွေးတိုင်းမြောက်ပိုင်း၊ မန္တလေးတိုင်း အထက်ပိုင်းဒေသ၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့ဖြစ်ကြပါတယ်။ ဒီဒေသမှာ ဖြစ်နေတဲ့ပဋိပက္ခတွေဟာ  ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကြားထဲ ဖြစ်နေတာမျိုး မဟုတ်ဘဲ လက်နက်ကိုင် တော်လှန်ရေး အုပ်စုတွေကြားမှာ ဖြစ်နေတာမျိုးပါ။ ဒါပေမဲ့ ပါဝါချိန်ခွင်လျှာကတော့ ညီမျှမှုမရှိပါဘူး။ ရာနှင့်ချီတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေက ကျေးလက်ဒေသက နယ်မြေ တော်တော်များများကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့လည်း သူတို့မှာ အရင်းအမြစ်နည်းပါးပြီး စစ်တပ်ရဲ့ သာလွန်အင်အားသုံးဖြိုခွဲမှုကို ထိထိရောက်ရောက် ခုခံနိုင်စွမ်းမရှိကြပါဘူး။ ဒါကြောင့်မို့လို့လည်း ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ စစ်တပ်ရဲ့ တပ်စခန်းတွေ ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်နိုင်တာမျိုးအထိ အောင်မြင်မှု မရရှိပါဘူး။

မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးစစ်တပ်တွေထဲက တခုဖြစ်ပါတယ်။ ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အနီးကပ် ပုန်ကန်တော်လှန်တာကို ပြန်ထိန်းချုပ်ဖို့တော့  အင်အား အလုံအလောက် မရှိတာ သိသာထင်ရှားတယ်။ တကယ်လည်း  ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသ သစ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေထက် လူအင်အားသာပါတယ်။ စစ်ကောင်စီဟာ ဒီဒေသအများစုကို အကြီးအကျယ်ပျက်စီးအောင် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး တွေလုပ်နိုင်ပေမဲ့  နယ်မြေကို ထိန်းသိမ်းဖို့တော့  လုံလောက်တဲ့ လူအင်အားမရှိပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်တပ်က လာတိုက်ခိုက်တဲ့အချိန်မှာ ဆုတ်ပေးပြီး စစ်တပ်က ပြန်သွားတဲ့အခါ နဂိုမူလနေရာကို ပြန်လာရမယ်ဆိုတာမျိုး နားလည်ထားကြတယ်။ (စစ်တပ်က လူတွေသတ်၊ ရွာတွေ မီးရှို့ဖျက်ဆီးပြီးမှ ထွက်သွားတာကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ရင်ဆိုင်ရပါတယ်။)

စစ်တပ်ဘက်က လက်နက်အင်အားမှာ အပြတ်အသတ် သာလွန်နေပါတယ်။ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့တပ်သားတွေကို ခေတ်မီလက်နက်တွေ မပေးနိုင်ပါဘူး။ ရေရှည်တိုက်ပွဲတွေအတွက် လုံလောက်တဲ့ ကျည်ဆန်တွေ၊ လက်ပစ်ဗုံးတွေ မပေးနိုင်ပါဘူး။ ကမ္ဘာရဲ့တခြားဒေသတွေက သူပုန်အဖွဲ့တွေလိုပဲ စျေးသက်သက်သာသာနဲ့ အလွယ်တကူ ရရှိနိုင်တဲ့ နည်းပညာတွေကိုပဲ သုံးပြီး လက်နက်တွေကို ဖန်တီးရပါတယ်။ လက်လုပ်ဗုံးတွေကို သုံးနေရပါတယ်။ စီးပွားရေးသုံးဒရုန်းတွေကို သုံးနေရပါတယ်။ ဒါပေမဲ့ သူတို့ ရင်ဆိုင်တိုက်နေရတာက တင့်ကားတွေ၊ အဝေးပစ်အမြောက်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေရှိတဲ့ ခေတ်မီစစ်တပ်ကြီး ဖြစ်ပါတယ်။ ဒီစစ်တပ်ကြီးဟာ တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲဖြစ်ဖြစ် အရပ်သားတွေကိုပဲဖြစ်ဖြစ် ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်တတ်တဲ့ စစ်တပ်ဖြစ်တယ်။

စစ်ပွဲတွေစဖြစ်တဲ့ အချိန်မှာ ရဲရဲဝံ့ဝံ့ခုခံတော်လှန်ခဲ့တဲ့မြို့တွေအဖြစ် ထင်ရှားလာပြီးနောက် စစ်တပ်ရဲ့ ဖျက်ဆီးမှုကို အကြီးအကျယ်ခံခဲ့ရတဲ့ ချင်းပြည်နယ်ထဲက ထန်တလန်မြို့နဲ့  မင်းတပ်မြို့ နှစ်မြို့ဆိုရင် အခုအချိန်မှာ လူနေအိမ်ခြေအများကြီး လျော့ပါးသွားခဲ့ပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ လူဦးရေအများအပြားရှိတဲ့ အချက်အချာနေရာမျိုးကို ထိန်းချုပ်ဖို့ ကြိုးစားရင် ဒီစိန်ခေါ်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို ဒီမြို့နှစ်မြို့ရဲ့ ဖြစ်ရပ်ဆိုးက ပြောပြနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ကာလအထိ မြို့သိမ်းတာတွေမျိုး မလုပ်ဘဲ ရပ်ဆိုင်းထားခဲ့ကြတယ်။

ပဋိပက္ခဒေသသစ်တွေထဲက တော်လှန်ရေးတိုက်ပွဲတွေအတွက် အဟန့်အတားကတော့ ဆက်သွယ်မှုအပိုင်း အားနည်းချက်ဖြစ်သလို အမိန့်ပေးထိန်းချုပ်မှုအပိုင်း အားပျော့ချက်လည်း ဖြစ်ပါတယ်။ ဒီအားနည်းချက်တွေက ခိုင်မာတဲ့ မဟာဗျူဟာတခုရဲ့ နောက်မှာ စုစုစည်းစည်း တိုက်ပွဲဝင်လို့မရအောင် တားဆီးနေပါတယ်။ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကတော့  ပြည်သူ့တော်လှန် ရေးတပ်တွေကို တစုတစည်းတည်းဖြစ်အောင် ကွပ်ကဲမှုတခုတည်းအောက်မှာ ပေါင်းစု ဖို့ ကြိုးစားပါတယ်။ တော်လှန်ရေးကို ပွင့်ပွင့်လင်းလင်း အားပေးထောက်ပံ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) လေးဖွဲ့နဲ့  ပူးပေါင်းပြီး ကွပ်ကဲအုပ်ချုပ်ရေးကို ထူထောင်ထားပါတယ်။ အဲဒီအဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ ဖြစ်တယ်။

NUG ဟာ ပဋိပက္ခဒေသတွေမှာ သူ့ဩဇာတည်အောင်လုပ်ဖို့ ကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့အချက်၊ လက်တွေ့ စစ်မြေပြင်ပေါ်မှာ လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အချက်၊ တော်လှန်ရေးတပ်ဖွဲ့သစ် အများအပြားကြားမှာ လွတ်လွတ်လပ်လပ် ရပ်တည်ချင်တဲ့ဆန္ဒက အားကောင်းနေတဲ့ အချက်တွေပါ။ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ပူးပေါင်းတာတွေ တိုးပွားလာနေပေမဲ့ အများစုက သူ့ဒေသနဲ့သူပဲ လှုပ်ရှားနေပါတယ်။ စစ်ဆင်ရေးအများစုကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မဟာမိတ်တွေက ဦးဆောင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ကိစ္စအများအပြားဟာ ဘဏ္ဍာရေးပိုင်းနဲ့ သက်ဆိုင်ပါတယ်။ စစ်ကောင်စီက အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံပမာဏရှိတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအများစုကို ချုပ်ကိုင်ထားတဲ့ အချိန်မှာ NUG နဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြည်တွင်းအုပ်စုနဲ့ ပြည်ပရောက် မြန်မာတွေရဲ့ ထောက်ပံ့ငွေနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုတွေ အပေါ်မှာပဲ မှီခိုနေရပါတယ်။

NUG ဟာ ရန်ပုံငွေရှာဖွေရေးမှာ သိသိသာသာအစွမ်းပြနိုင်ခဲ့ပေမဲ့ သူ့ရဲ့ တနှစ်တာ စစ်စရိတ်က ဒေါ်လာ သန်း ၆၀ ပဲ ရှိပါတယ်။ စစ်ကောင်စီရဲ့ တနှစ်တာ စစ်စရိတ်က ဒေါ်လာ သန်း ၂၇၀၀ ဆိုတော့ စစ်ကောင်စီစစ်စရိတ်ရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ NUG အနေနဲ့  ဘဏ္ဍာ ငွေကြေးချို့တဲ့မှုကြောင့် စစ်ကောင်စီတပ်တွေကို အနိုင်တိုက်ဖို့ လိုအပ်တဲ့လက်နက်တွေ မဝယ်နိုင်တဲ့အပြင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာလည်း သြဇာနည်းပါးလာပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကိုယ့်ဘာသာ ရန်ပုံငွေရှာပြီး ရပ်တည်နေရပါတယ်။ ဒါကြောင့် အထက်ကပေးတဲ့အမိန့်ကို လိုက်နာလိုစိတ် နည်းလာကြတယ်။ တော်လှန်ရေးတပ်ဖွဲ့ အများစုဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့  ကွပ်ကဲမှုအောက်မှာရှိတယ်ဆိုပေမဲ့ တပ်ဖွဲ့ အများအပြားက  သူတို့ဘာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားကြတယ်။ ဒါမှမဟုတ်ရင်လည်း နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ မဟာမိတ်ဖွဲ့ထားကြတယ်။

NUG လုပ်ရမယ့်အလုပ်တချို့ကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( EAO )တွေက လုပ်နေပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကို ဦးဆောင်မှုလည်းပေးသလို ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ အထောက်အပံ့တွေလည်း ပေးပါတယ်။ ဒါပေမဲ့ ဒီထောက်ပံ့မှုတွေက စစ်ကောင်စီကို ဖြုတ်ချဖို့နဲ့ စစ်တပ်ကို နိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ဆိုတဲ့ NUG ရဲ့ အမျိုးသားရေး ရည်မှန်းချက် ဆိုတာထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒေသတွင်းအရေးကိစ္စအတွက်ပဲ  အကျိုးဖြစ်စေတာ များပါတယ်။ ဒီလိုနည်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( EAO ) တွေ အပေါ် NUG ရဲ့ မှီခိုအားထားမှုဟာ တော်လှန်ရေးအတွက် မဟာဗျူဟာမြောက် ပေါင်းစည်းမှုတခုကို ပေးသလို မဟာဗျူဟာမြောက် အခွင့်အလမ်းတခုကိုလည်း ပေးနေပါတယ်။

အထူးသဖြင့် ဗမာအများစု နေထိုင်ရာ ဒေသတွေမှာ အခြေအနေက ပိုပြီးခက်ခဲလာနေပါတယ်။ အဲဒီဒေသတွေဟာ စစ်အာဏာသိမ်းမှုမတိုင်မီအချိန်ကဆိုရင် လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံမျိုး မရှိတဲ့ ဒေသတွေပါ။ နောက်ပြီး အများစုက အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ နယ်စပ်မျဉ်းတွေနဲ့လည်း ဝေးလံတဲ့ ဒေသတွေ ဖြစ်တယ်။ ကယား(ကရင်နီ) ပြည်နယ်နဲ့ ချင်းပြည်နယ်တွေထဲက တော်လှန်ရေးအင်အားစုတွေက အရင်တည်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ငယ်)တွေကြောင့် အဆင်ပြေခဲ့ကြသလို နယ်စပ်မျဉ်းကို ဖြတ်ကျော်ဖို့လည်း ပိုလွယ်ကူတဲ့အတွက် ထောက်ပို့လမ်းကြောင်းအတွက် အခက်အခဲ သိပ်မရှိဘူး။ ဒါကြောင့် တတိယစက်ဝိုင်းရဲ့ ဝိသေသလက္ခဏာတွေတချို့ ရှိနေပါတယ်။

အဆုံးမှာတော့ စစ်ကောင်စီဟာ တိုက်ပွဲတွေကို စွန့်ခွာသွားလိမ့်မယ်လို့ တော်လှန်ရေးအဖွဲ့ အများစုက မျှော်လင့်နေကြပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်သားအများ အပြားကို ဆုံးရှုံးသွားခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း သေဆုံးသူတွေ၊ ဘက်ပြောင်း ခိုလှုံသူတွေ၊  တပ်ပြေးတွေ၊ အကုန်ပေါင်းလိုက်ရင်  တော်တော်များပါတယ်။ ဒါကြောင့် တော်လှန်ရေးကို ထောက်ခံတဲ့ပြည်သူလူထုဆီကနေ တပ်သားသစ်စုဆောင်းဖို့ ကြိုးစားလာပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ  စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီး  လူငယ်လူရွယ် ယောက်ျားပျိုလေးတွေ မိန်းမပျိုလေးတွေကို တပ်ထဲသွင်းဖို့ ကြိုးစားပါတယ်။  ပြည်သူလူထုက လက်သင့်မခံ ငြင်းဆန်နေတဲ့အတွက် တပ်သားအင်အားလျော့ပါးနေတဲ့ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။ ဒါကြောင့် အလုံးအရင်းနဲ့ ဆုံးရှုံးနေတဲ့ တပ်အင်အားကို ပြန်မဖြည့်ဆည်းနိုင်တော့ဘဲ နောက်ဆုံး တော့ စစ်မတိုက်နိုင်တော့တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ လက်ရှိအနေအထားကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ စစ်ဆင်ရေးအရှိန်အဟုန်ကိုဆက်ထိန်းထားနိုင်ဖို့ ပိုပိုပြီး ခက်ခဲလာ ပါလိမ့်မယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ရေရှည်စစ်ပွဲအတွင်း အရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ဖို့  ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြပါတယ်။ တော်လှန်ရေးတပ်သားအများစုဟာ စစ်သားတွေလည်း မဟုတ်သလို စစ်သားဖြစ်အောင် လေ့ကျင့်နေခဲ့သူတွေလည်း မဟုတ်ပါဘူး။ အများစုက မြန်မာပြည်အလယ်ပိုင်းကမြို့တွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။ တော်လှန်စစ်ထဲဝင်ဖို့ သူတို့နေအိမ်တွေနဲ့ အလုပ်အကိုင်တွေကို စွန့်ခွာခဲ့ကြသူတွေဖြစ်တယ်။ ပြောက်ကျားစစ်ဆင်နွှဲဖို့ ကောင်းတဲ့ ဝေးလံခေါင်ဖျားဒေသတွေဆီ ရောက်လာကြသူတွေ ဖြစ်တယ်။ ဒီအနေ အထားဟာ သူတို့အတွက် ရုပ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ပိုဖြစ်စေတယ်။ အိမ်လွမ်းဝေဒနာကို ခံစားရစေနိုင်သလို ဘဝကို ဖြုန်းတီးနေရသလို ခံစားချက်မျိုးတွေ ဖြစ်ပေါ်စေတယ်။ “မကြာခင်အောင်ပွဲရမှာပဲ”တဲ့ မျှော်လင့်ချက်တွေသာ လျော့ပါးသွား မယ်ဆိုရင်တော့ အများအပြားဟာ တခြားလမ်းကို ရွေးသွားနိုင်ပါတယ်။

ပိုပြီးအရေးကြီးတာကတော့ တော်လှန်ရေးအဖွဲ့တွေမှာ ငွေကြေးပြတ်လပ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။ မိသားစုအများအပြား ထမင်းစားရဖို့အနိုင်နိုင်ဖြစ်နေအောင် စီးပွားရေးချွတ်ခြုံကျ နေတဲ့ကြားထဲက တော်လှန်ရေးတပ်ဖွဲ့တွေကို  ငွေကြေးထောက်ပံ့ရတဲ့အလုပ်ဟာ ဒေသခံ လူထုအတွက် ဝန်ထုပ်ဖြစ်လာပါတယ်။  ဒါကြောင့် အလှူငွေက လျော့ကျလာပါတယ်။

သမိုင်းရဲ့ညွှန်ပြချက်အရဆိုရင်တော့ စီးပွားရေးကျပ်တည်းမှုနဲ့  ဒေသခံလူထုအပေါ် စစ်တပ်ရဲ့ ပရမ်းပတာလက်စားချေတိုက်ခိုက်မှု၊ ဒီနှစ်ခုပေါင်းရဲ့ဒဏ်ကြောင့် အများပြည်သူက ငြိမ်းချမ်းရေးကို တောင်းဆိုလာဖို့ များပါတယ်။

တတိယစက်ဝိုင်း - နယ်စပ်ဒေသများ

မြန်မာနယ်စပ်တလျှောက် အပြင်စက်ဝိုင်းအတွင်းမှာတော့  ကာလရှည်ကြာ အခြေကျနေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAO) တွေရှိနေပါတယ်။ ဒီအဖွဲ့တွေဟာ ဗဟိုချက်မရဲ့ အားပျော့လာတဲ့အချက်နဲ့ အာဏာသိမ်းပြီးနောက်  တပ်သားသစ်တွေ သူတို့ဆီကို အလုံးအရင်း ဝင်ရောက်လာတဲ့အချက်ကို အခွင့်ကောင်းယူပြီး ပိုင်နက်နယ်မြေကို တိုးချဲ့လာနိုင် ကြတယ်။ တရားဝင်မဖြစ်သေးပေမဲ့ အချုပ်အချာအာဏာရှိတဲ့ နိုင်ငံငယ်လေးတွေ ( De Facto Mini-states) ကို ထူထောင်လာကြတယ်။

ဒီအဖွဲ့တွေထဲက အားအကောင်းဆုံးတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အလွယ်တကူ ကူးလူး ဆက်ဆံနိုင်တဲ့ အခြေခံနယ်မြေတွေကို ပိုင်ဆိုင်ထားကြတယ်။ လေ့ကျင့်မှုလည်းကောင်း၊ လက်နက်လည်းကောင်း၊ အတွေ့အကြုံလည်းကောင်းတဲ့ တပ်သားတွေ ထောင်ပေါင်းများစွာလည်း ရှိတယ်။ ရေရှည်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ လုံလောက်တဲ့ ငွေကြေးနဲ့ ရိက္ခာတွေလည်း ရှိတယ်။ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ဒဏ်က မကင်းလွတ်ပေမဲ့ လက်ရှိ ပတ်ဝန်းကျင်အနေအထားမှာ လုံလုံခြုံခြုံ အကာအကွယ်ယူပြီးနေနိုင်ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်မျက်နှာအများကြီးဖြစ်လာမှာကို ရှောင်ရှားချင်နေတဲ့အတွက် ဖြစ်ပါတယ်။

ဒီ့ထက်ပိုကောင်းတာကတော့ ဒုတိယစက်ဝိုင်းထဲမှာရှိတဲ့ ပဋိပက္ခနယ်မြေတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်စပ်ဒေသတပ်စခန်းတွေကို စစ်ကောင်စီဘက်က မြေပြင် ထိုးစစ်ကြီးတွေ မဆင်နိုင်အောင် ကြားခံကာကွယ်ပေးတဲ့ နယ်တွေ ဖြစ်နေတဲ့ အချက်ပါပဲ။ လက်ရှိအနေအထားမှာ အထူးအကျိုးရှိနေတဲ့အဖွဲ့ကတော့ မြောက်ပိုင်းအဖွဲ့တွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ မဟာမိတ်ညီနောင်များအဖွဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ‘၀’ ပြည်သွေး စည်းညီညွတ်ရေး တပ်မတော်တို့ ပါဝင်ပါတယ်။

ဒီအဖွဲ့တွေဟာ လက်နက်ရောင်းဝယ်ရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုစတဲ့ကိစ္စတွေမှာ တရုတ်နိုင်ငံရဲ့ အကူအညီကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးဖြစ်ဖြစ် ရရှိနေတဲ့အဖွဲ့တွေပါ။ အနည်းဆုံး တရုတ်အစိုးရရဲ့ နိုင်ငံရေးအရစောင့်ရှောက်ပေးမှုကို အတိုင်းအတာတခုအထိ ရရှိနေတဲ့ အဖွဲ့တွေပါ။ သူတို့နဲ့ မတူတဲ့အဖွဲ့ကတော့ မြန်မာပြည်တောင်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဖြစ်ပါတယ် KNU အဖွဲ့ဟာ  ပဋိပက္ခနယ်မြေသစ်တွေထဲမှာ ရှိနေတဲ့ ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တော်တော်တူပါတယ်။ လက်နက်ခဲယမ်း လုံလုံလောက်လောက်မရှိမှုနဲ့ အချင်းချင်း ကွဲပြဲနေမှုကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေပါတယ်။

 ( ဆက်ရန် )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024