(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)
သတိထားစရာအချက်များ
စစ်ကောင်စီကို ဆန့်ကျင်တဲ့ အင်အားစုတွေ ပိုပြီး အင်အားတောင့်တင်း လာပုံရပေမဲ့ သူတို့မှာ ကိုယ်ပိုင်နယ်မြေ မရှိကြပါဘူး။ စစ်တပ်ဟာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် အဓိကကျတဲ့မြို့ကြီးတွေနဲ့ အနီးတဝိုက်က ဒေသတွေကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ အဲဒီမြို့ကြီးတွေဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ပုံမျိုးရှိပြီး အာဏာမသိမ်းမီက ရှိခဲ့တဲ့ လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်နေပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို “ပုံမှန်အနေအထား"လို့ မပြောလိုပေမဲ့ လူထုဆန္ဒပြပွဲတွေတော့ လုံး၀နီးပါးပျောက်ကွယ်သွားပါတယ်။ မြေအောက် လက်နက်ကိုင်အဖွဲ့ဝင် အများအပြား အသတ်ခံရတယ်။ အဖမ်းဆီးခံခဲ့ရတယ်။ တချို့ကတော့ ကျေးလက်ဒေသမှာရှိတဲ့ တော်လှန်ရေး တပ်စခန်းတွေဆီ ထွက်ပြေးခဲ့ရတယ်။ ဒီလိုနဲ့ မြေအောက်လက်နက်ကိုင် ကလာပ်စည်းတွေ အချေမှုန်းခံရတယ်။ မြို့ပြတော်လှန်ရေးစစ်မျက်နှာဖွင့်ဖို့အတွက် NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ဘူး။
၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ညီနောင်မဟာမိတ် အဖွဲ့သုံးဖွဲ့ တွေအတွက် ရေရှည်တည်တံ့တဲ့ နယ်မြေ ထိန်းသိမ်းနိုင်မှုကို ရရှိစေခဲ့ပေမဲ့ တခြားဒေသတွေမှာရှိနေတဲ့ တော်လှန်ရေးတိုက်ပွဲတွေကတော့ ယေဘုယျအားဖြင့် နှေးကွေး နေသလို စရိတ်စကလည်း ကြီးမားလှပါတယ်။ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့လို၊ ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့လို၊ ကရင်ပြည်နယ်က ကော့ကရိတ်မြို့လို မဟာဗျူဟာကျတဲ့ မြို့တွေကို သိမ်းပိုက်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေဟာ တံ့နေတယ်။ တချို့နေရာတွေမှာ ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေ အောင်ပွဲတွေရရှိခဲ့တယ်ဆိုပေမဲ့လည်း လွတ်မြောက်တဲ့မြို့တွေမှာ လူတွေ သိပ်မရှိတော့တာမျိုး၊ အပျက်အစီးများပြားတာမျိုးနဲ့ ရင်းရတဲ့ အောင်ပွဲတွေပါ။
“မြန်မာစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေမှာ သိသိသာသာတိုးတက်မှု ရှိခဲ့တယ်ဆိုပေမဲ့ စစ်ကောင်စီပိုင်နယ်မြေရဲ့ တစိတ်တပိုင်းကိုပဲ သိမ်းယူနိုင်ခဲ့ပါတယ်။ ရေရှည်သိမ်းယူထားဖို့တော့ မတတ်နိုင်လောက်ဘူး”လို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ ရှိနေတဲ့ မြန်မာ့ပဋိပက္ခရဲ့ နောက်ဆုံးအခြေအနေကို မော်ဂန်မိုက်ကယ် ( Morgan Michaels )က ရေးခဲ့ပါတယ်။ နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန ( IISS: International Institute of Strategic Studies) ရဲ့ စာမျက်နှာမှာ ရေးခဲ့တာပါ။
အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ခံတပ်တွေကို လူသားလှိုင်းလုံးတွေသုံးပြီ တိုက်ခိုက်သိမ်းပိုက်တာဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအသေအပျောက် များရတာကို မော်ဂန်မိုက်ကယ်က အဓိကမီးမောင်းထိုးပြပါတယ်။
အဲဒီကတည်းက အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ထဲမှာ ဆက်တိုက်ထိုးစစ်ဆင်နေခဲ့တယ်။ စစ်တွေမြို့တော်ကို ခြိမ်းခြောက်နေခဲ့သလို တရုတ်ရဲ့ ခါးပတ်တကွင်းလမ်းတစင်း ( Belt and Road) စီမံကိန်း အဓိကကျတဲ့ ရေနက်ဆိပ်ကမ်းအဖြစ် တည်ဆောက်နေတဲ့ ကျောက်ဖြူမြို့ကိုလည်း ခြိမ်းခြောက်နေခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ဆင်လာပြီး ကောလင်းမြို့ကို ပြန်သိမ်းယူသွားပါတယ်။ တခြားနေရာအများအပြားမှာလည်း ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကို ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်နေခဲ့တယ်။ ကောလင်းမြို့က ၂၀၂၃ ခုနှစ် နိုဝင်ဘာလအစောပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF) တွေ ပူးပေါင်းသိမ်းယူခဲ့တဲ့ မြို့ဖြစ်ပါတယ်။ NUG အုပ်ချုပ်မှုအောက်ကို ပထမဆုံးရောက်လာတဲ့ မြို့အဖြစ် အောင်ပွဲခံခဲ့တဲ့ မြို့ဖြစ်ပါတယ်။ သုံးလတာကာလအတွင်း ကောလင်းမြို့ ပြန်လည် ကျသွားတာဟာတော်လှန်ရေးတပ်ဖွဲ့တွေအတွက် သိသာထင်ရှားတဲ့ ဆုတ်ယုတ်မှုတခု ဖြစ်ပါတယ်။
နယ်မြေထိန်းချုပ်ရေးရဲ့ လက်တွေ့ အရှိတရား
လက်နက်ကိုင်တော်လှန်ရေးစတင်ကတည်းက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လေ့လာသုံးသပ်သူတွေဟာ ပဋိပက္ခလမ်းကြောင်းကို ခြေရာခံရာမှာ မတူတဲ့အဖွဲ့အသီးသီးက ထိန်းချုပ်ထားတဲ့ နယ်မြေပမာဏကို ပဓာနထားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ အစီရင်ခံစာမှာ “NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ နယ်မြေ ၅၂ ရာခိုင်နှုန်းကို ထိထိ ရောက်ရောက်ထိန်းချုပ်ထားပြီလို့ ခန့်မှန်းထားခဲ့တယ်။ မကြာသေးခင်ကပဲ NUG အစိုးရက “ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေ”ဟာ နိုင်ငံရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားပြီလို့ပြောပါတယ်။ ဒီလိုရာခိုင်နှုန်းတွေနဲ့ ချဉ်းကပ်ပြောဆိုချက်တွေက ဖုံးတဝက် ဖော်တဝက်လို့ ပြောရပါမယ်။ တချက်ကတော့ ပိုင်နက်နယ်မြေတခုနဲ့ တခုဟာ မဟာဗျူဟာ အရအရေးပါပုံခြင်း အကြီးအကျယ်ကွာခြားနေလို့ပါပဲ။ စစ်ကောင်စီက ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့ပြနဲ့ မြေပြန့်ဒေသက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကုန်းမြင့်ဒေသတွေထက် လူဦးရေသိပ်သည်းမှုမှာ အလွန်ကြီးမားပါတယ်။ ဥပမာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေဆိုရင် လူဦးရေက တစ်သန်းတောင်မရှိပါဘူး။ စုစုပေါင်း လူဦးရေ ၅၆ ဒသမ ၆ သန်းရဲ့ ထက်ဝက်ကျော်ဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ နေထိုင်နေပါတယ်။
ဒီဒေသတွေရဲ့ စီးပွားရေးကွာဟချက်က ပိုပြီး သိသာထင်ရှားပါသေးတယ်။ စစ်ကောင်စီဟာ နိုင်ငံရဲ့ စက်မှုလုပ်ငန်းအားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ အဓိကငွေဝင်ပေါက်ဖြစ်တဲ့ ဓာတ်ငွေ့တွင်းတွေ၊ ရေနံပိုက်လိုင်းတွေ၊ ဆည်ကြီးတွေ၊ အဝေးပြေးလမ်းမကြီးတွေ၊ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေစတဲ့ အခြေခံအဆောက်အဦအားလုံးနီးပါးကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တဲ့တပ်ဖွဲ့တွေဟာ မကြာသေးမီက ထိုးစစ်ဆင်ခဲ့ရာမှာ အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းအများအပြားကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက နယ်စပ်ကုန်သွယ်ရေးစီးဆင်းမှုကို ထိန်းသိမ်းဖို့ ဖိအားပေးနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်က ငွေဝင်ပေါက်တခုလုံးကို လက်လွတ်ဆုံးရှုံးသွားတဲ့ အနေအထားမျိုးထက် စစ်ကောင်စီနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အကျိုးစီးပွားခွဲဝေတဲ့ အနေအထားမျိုး ပိုဖြစ်လာနိုင်ပါတယ်။
ဒုတိယအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက နိုင်ငံတဝန်းရှိ စစ်တပ်ရဲ့ ထိန်းချုပ်မှု တဖြေးဖြေး ပျောက်ကွယ်သွားဖို့ ပြိုင်ဆိုင်လှုပ်ရှားနေပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုတွေကလည်း နေရာဒေသအများအပြားမှာ အန္တရာယ်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီအချိန်အထိ ရှိနေတဲ့ ပြည်တွင်းစစ်ရဲ့ ရက်စက်တဲ့အခြေအနေကတော့ တော်လှန်ရေး အမာခံ နယ်မြေတွေလို့ သတ်မှတ်ခံထားရသော နေရာတွေက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု အဆိုးဆုံးနေရာတွေမှာ ပါဝင်နေတဲ့ အချက်ပါပဲ။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ( Human Rights Watch) ရဲ့ လေ့လာသုံးသပ်သူဖြစ်ခဲ့တဲ့ ဒေးဗစ်မက်သီဆင် ထောက်ပြထားတဲ့အတိုင်း အောင်ပွဲရ ဒေသတွေကို ဖော်ပြထားတဲ့ မြေပုံနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ၊ မိုင်းဗုံးတွေကြောင့် သေကြရမှုတွေနဲ့ တိုင်းတာသတ်မှတ်တဲ့ စစ်ဘေးစစ်ဒဏ်အခံရဆုံးနေရာပြမြေပုံတွေက တထပ်တည်းလိုလို တူနေပါတယ်။
ဒီအချက်က စစ်ကောင်စီတပ်တွေရဲ့ အဖျက်စွမ်းအားကို သက်သေပြနေသလို တော်လှန်ရေး အင်အားစုတွေအတွက်လည်း ဖွဲ့စည်းမှုဆိုင်ရာပြဿနာတရပ်ကိုလည်း ထောက်ပြနေပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဖွဲ့စည်းမှုကို ဖော်ဆောင်ဖို့၊ ဝင်ငွေရလမ်းတွေကို တိုးချဲ့ဖို့၊ နိုင်ငံတကာရဲ့ အားကောင်းမောင်းသန်ထောက်ခံမှုတွေကို ဆွဲဆောင်နိုင်ရေး မျှော်လင့်ချက်တွေ ရှိလာဖို့အတွက် တည်ငြိမ်ခိုင်မာတဲ့ နယ်မြေထိန်းချုပ်မှုဟာ မရှိမဖြစ်အရေးကြီးပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ( SAC-M)ရဲ့ အစီရင်ခံစာထဲမှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေဧရိယာက ၁၇ ရာခိုင်နှုန်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်း ချုပ်ထားတဲ့ နယ်မြေဧရိယာက ၁၄ ရာခိုင်နှုန်း၊ NUG ထိန်းချုပ်ထားတဲ့ နယ်မြေဧရိယာက ၁ ရာခိုင်နှုန်းလို့ ဖော်ပြထားပါတယ်။ နယ်မြေထိန်းချုပ်မှုရဲ့ မဟာဗျူဟာကျမှုအပေါ် စိတ်ဝင်စား သူအတွက် ဒီကိန်းဂဏန်းတွေဟာ အသင့်မြတ်ဆုံး ဖြစ်နိုင်ပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဧရာ၀တီမြစ်ဝှမ်းဒေသကို ဝိုင်းပတ်ထားတဲ့ တောတောင်ဒေသအတွင်းမှာ ထိုးစစ်ကို အရှိန်မြှင့်မယ်ဆိုရင်တောင် နေပြည်တော်နဲ့တခြားမြို့ကြီး တွေကို သိမ်းပိုက်ဖို့အတွက် အလယ်ပိုင်းမြေပြန့်ဒေသကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာ မေးစရာ ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသအတွင်းမှာ စစ်မျက်နှာ ဖွင့်ပြီးထိုးစစ်ဆင်ဖို့ ကြိုးစားတာဟာ အကြီးအကျယ်ရှုံးနိမ့်နိုင်တယ်လို့ လုံခြုံရေးလေ့လာ သုံးသပ် သူ အန်ထော်နီဒေးဗစ် ( Anthony Davis )က သတိပေးပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး မှာတော့ ဒါကို လုပ်ရမှာပါ။ မဟုတ်ရင် သူပုန်အဖွဲ့တခုပဲ ဖြစ်သွားပြီး တော်လှန်ရေးရည်မှန်း ချက်ကို အကောင်အထည်ဖော်နိုင်တော့မှာ မဟုတ်ဘူး။
အာဏာချိန်ခွင်လျှာ
ယခုအချိန်မှာ ညီနောင် မဟာမိတ်အဖွဲ့တွေရဲ့ အံ့မခန်းအောင်မြင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေအတွက်တော့ နံရံပေါ်မှာ ရေးထိုးထား သလိုထင်ရှားနေတာပါ။ ဒါပေမဲ့ ရှမ်းပြည်မြောက်ပိုင်းဟာမြန်မာမဟုတ်သလို ပြည်သူ့ တော်လှန်ရေးအင်အားစုတွေလည်း ညီနောင်သုံးဖော်ထဲမှာ မပါပါဘူး။ မတူကွဲပြားတဲ့ ပဋိပက္ခ ဇာတ်ခုံပေါ်က တိမ်မြှုပ်နေတဲ့ အရင်းခံအကြောင်းဖြစ်တဲ့ ပါဝါချိန်ခွင်လျှာကို အာရုံစိုက် ကြည့်မယ်ဆိုရင် ရှုပ်ထွေးပြီး ရှင်းလင်းမှုမရှိတဲ့ ရုပ်ပုံလွှာကိုမြင်ရမှာဖြစ်ပါတယ်။ ဒီကိစ္စ ရိုးရှင်းတယ်ဆိုပေမဲ့ ဗဟိုချက်စက်ဝိုင်း သုံးရပ်ပုံစံ ( နေပြည်တော်မှဖြာထွက်ခြင်း) နဲ့ တင်ပြမယ်ဆိုရင် အထောက်အကူဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အဲဒါတွေကတော့ မတူညီတဲ့ စိန်ခေါ်ချက်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အခွင့်အလမ်းတွေလည်းဖြစ်ပါတယ်။
ပထမစက်ဝိုင်း - ဗဟိုချက်နယ်မြေ
ပထမ စက်ပိုင်းထဲမှာ နေပြည်တော်ပိုင်နက်နယ်မြေတွေပါမယ်၊ ရန်ကုန်ဧရိယာအများစု၊ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းအနောက်ချမ်း၊ မကွေးတိုင်းတောင်ဘက်၊ မန္တလေးတောင်ဘက်ပိုင်း ဒေသတွေပါပါတယ်။ အဲဒီဒေသတွေမှာ စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုကို နှိမ်နင်းဖို့ သူ့ရဲ့ဖိနှိပ်ရေးယန္တရားတွေ၊ ထောက်လှမ်းရေးအဖွဲ့တွေ၊ ရဲတွေနဲ့ အီလက်ထရော နစ်စောင့်ကြည့်ရေး ကွန်ရက်တွေကိုဖြန့်ကြက်ထားသလို သတင်းပေးတွေကိုလည်း သုံးထား ပါတယ်။ မြေအောက်ကလာပ်စည်းတွေက အင်အားအနည်းငယ်မျှသာရှိပေမဲ့ ဆက်လက် အလုပ်လုပ်နေကြပြီးတော့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းအရာရှိတွေကို ပစ်မှတ်ထားတိုက်ခိုက် လာနိုင်တာမျိုးကတော့ အတော်လေးထိ ရောက်ပါတယ်။ မြန်မာနိုင်ငံမှာ အလွန်ဆိုးဝါးလွန်းတဲ့ အဖြစ်အပျက်ကတော့ စစ်ကောင်စီရဲ့ အထူးရဲတွေက ညသန်းခေါင်ကျရင် အိမ်တွေကို ဝင်ရောက်ရှာဖွေ၊ လူငယ်တွေကို အတင်းဖမ်းဆီး၊ စစ်ကြောရေးစခန်းတွေကိုပို့၊ နှိပ်စက်ညှဉ်းပန်း တာတွေပါ။ ဥပဒေကြောင်းအရတောင် ဖြေရှင်းလို့ အခွင့်မရနိုင်တဲ့အနေအထားတွေပါ။ တချိန်တည်းမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ ကိုယ်တိုင်အဲဒီလို စစ်ကြောရေးစခန်းတွေထဲမှာ ဖမ်းဆီးနှိပ်စက်ခံနေရတာကြောင့် ရေရှည်တည်တံ့တဲ့ ခုခံမှုတွေ ဆက်ဖြစ်နေဖို့ မသေချာဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။
(ဆက်ရန်)
မြန်မာ့ပြည်တွင်းစစ်ရဲ့ လားရာနဲ့ အနာဂတ်မြန်မာနိုင်ငံ (အပိုင်း ၁)