(အောက်ပါစာတမ်းသည် သြစတြေးလျနိုင်ငံအခြေစိုက် Lowy Institute မှ ထုတ်ဝေသည့် “Outrage is not a Policy: Coming to terms with Myanmar’s Fragmented State” ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ “ဒေါသူပုန်ထခြင်းသည် မူဝါဒတခု မဟုတ်ပါ- တစစီကွဲနေသော မြန်မာနိုင်ငံကို နားလည်လက်ခံခြင်း” ဟု စာတမ်းခေါင်းစဉ်ကို ဘာသာပြန်ရပါလိမ့်မည်။ စာတမ်းရှင်မှာ Australian Defence Force Academy ၏ အကြီးတန်းကထိက မော်တန်ပက်ဒါဆင် (Morten B. Pedersen) ဖြစ်ပါသည်။ မော်တန်ပက်ဒါဆင်သည် မြန်မာ့အရေးနှင့်ပတ်သက်၍ နှစ်ပေါင်း ၂၀ ကျော် လေ့လာခဲ့သူဖြစ်ပြီး သြစတြေးလျအစိုးရ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအဖွဲ့တို့အတွက် အကြံပေးအဖြစ် အလုပ်လုပ်ခဲ့သည်။)
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုက မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ လစ်ဘရယ်နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်မှုတွေကို အဆုံးသတ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အခြေအမြစ်လှန်တဲ့ ပြောင်းလဲမှုမျိုးကို မျှော်လင့်နိုင်တဲ့ တော်လှန်ရေးတရပ်ကိုတော့ ပေါ်ပေါက်လာစေခဲ့တယ်။ မြန်မာတွေဟာ စစ်အာဏာရှင်အုပ်ချုပ်မှုနဲ့ ရင်းနှီးပြီးသားပါ။ ဒါပေမဲ့ ယခုအကြိမ် အာဏာသိမ်းမှုကတော့ ပြင်းအားမြင့်ငလျင်ကြီးတခု လှုပ်ခတ်တာမျိုးနဲ့ တူနေပါတယ်။ ဆယ်စုနှစ်တခုစာလောက် အရပ်ဘက်နိုင်ငံရေးနဲ့ စီးပွားရေးလွတ်လပ်ခွင့်တွေ တိုးမြှင့်ရရှိခဲ့တဲ့အတွက် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ရရှိတော့မယ်လို့ ယုံကြည်နေတဲ့ အချိန်မျိုးမှာ ဒီမျှော်လင့်ချက်တွေကို ရိုက်ချိုးလိုက်တဲ့ ငလျင်ကြီးပါ။ သာမန် “နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲလိုက်ခြင်း” လို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ထင်မြင်သဘောထားပြီး လုပ်ခဲ့တဲ့ ဒီအာဏာသိမ်းမှုဟာ မကြာခင်မှာပဲ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အဖြစ်ကို ပြောင်းလဲသွားတဲ့ လူထုအုံကြွမှုတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာသိမ်းပြီး သုံးနှစ်အကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ သူ့ရှင်သန်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်သားအသစ်တွေ (PDF) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (EAOs) အဖွဲ့တွေကို ရင်ဆိုင်ပြီး အသည်းအသန် တိုက်ပွဲဝင်နေရပါပြီ။ ဒီတော်လှန်ရေးအဖွဲ့တွေက မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို အဆုံးသတ်ရေးနဲ့ “စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ” ထူထောင်ရေးကို တောင်းဆိုပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။ စစ်ကောင်စီဟာ ရွေးကောက်ပွဲအသစ်ကို ၂၀၂၃ ခုနှစ်မှာ လုပ်မယ်လို့ ကတိပေးထားပေမဲ့ မအောင်မြင်ဘဲ အကြိမ်ကြိမ် ရွှေ့ဆိုင်းနေရပါတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ မှုန်ဝါးလွင့်ပျောက်သွားပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုက အရေးနိမ့်သွားပါပြီ။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေ ဘက်ကလည်း မအောင်မြင်သေးပါဘူး။ ပြည်တွင်းစစ်မီးပဲ တောက်လောင်လာခဲ့ပါတယ်။ စစ်တပ်က အများပြည်သူကို ဒူးထောက် အညံ့ခံလာအောင် ရက်ရက်စက်စက် အကြမ်းဖက် နှိပ်ကွပ်လာတဲ့အတွက် အခုအခါမှာ ရက်စက်ကြမ်းကြုတ်မှုတွေဟာ သာမန်လုပ်ရပ်တွေလို ဖြစ်လာနေပါပြီ။
နဂိုကတည်းက အားနည်းနေခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ စစ်ကောင်စီလက်ထက်မှာ ယိုင်လဲ ပြိုကျသွားပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာပြည်သူ နှစ်သန်းခွဲဟာ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြေးရတဲ့ စစ်ဘေးရှောင်တွေ ဖြစ်လာတယ်။ လူဦးရေ ၅၆ သန်းကျော်ရဲ့ သုံးပုံတပုံဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်။ တဖက်နဲ့တဖက် အပြတ်ချေမှုန်းပစ်နိုင်မယ်လို့ ယုံကြည်နေကြတဲ့အတွက် အရှိန်မြင့်သထက် မြင့်လာနေတဲ့ ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ဖြစ်နိုင်တော့မယ့်ပုံမျိုး မမြင်ရတော့ပါဘူး။
အာဏာသိမ်းပြီးကာလမှာ ပြည်ပကိုထွက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဦးဆောင်ပြီး လွတ်မြောက်နယ်မြေတွေကို အုပ်ချုပ်ဖို့ ဆောင်ရွက်နေတယ်။ ဒါပေမဲ့ လွတ်မြောက်နယ်မြေတွေမှာ သူတို့ဩဇာသက်ရောက်မှုက အားမကောင်းပါဘူး။ ဒေသခံ လက်နက်ကိုင်အင်အားစုတွေနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဩဇာကပဲ ပိုပြီး လွှမ်းမိုးနေပါသေးတယ်။ နယ်စပ်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ အားပျော့မှုကို အခွင့်ကောင်းယူပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို ပိုပြီး စုစည်းခိုင်မာလာအောင်နဲ့ ပိုပြီး ကျယ်ပြန့်လာအောင် ကြိုးစားနေကြတယ်။ နိုင်ငံငယ်လေးတွေအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမလား ဆိုတာက အစိုးရိမ်လွန်တာမျိုး ဖြစ်နေပေမဲ့လည်း စနစ်ကျတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်လာဖို့ ဆိုတာကိုလည်း သေချာပေါက် မပြောနိုင်တဲ့ အနေအထားပါ။
စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးအဖွဲ့တွေအပေါ် ရက်ရက်စက်စက် ချေမှုန်းနေတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ အနောက်နိုင်ငံအစိုးရတွေက စစ်ခေါင်းဆောင်တွေရော၊ သူတို့ကို ထောက်ခံနေသူတွေရောကို အရေးယူပိတ်ဆို့မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ကိုတော့ အာဆီယံအဖွဲ့ကြီးကိုပဲ တာဝန်လွှဲထားကြပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ တဆင့်ပေးနေရတာတွေတောင်မှ နိုင်ငံရေးတင်းကျပ်မှုတွေ၊ ဗျူရိုကရေစီ ယန္တရားတွေကြောင့် ထိထိရောက်ရောက် မပေးနိုင်ပါဘူး။ တရုတ်နိုင်ငံကလွဲပြီး ကျန်တဲ့နိုင်ငံတွေမှာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ စနစ်ကျတဲ့ မဟာဗျူဟာ မရှိသလို ဖြစ်နေပါတယ်။
စစ်မြေပြင်အခြေအနေ
၂၀၂၁ ခုနှစ် ဧပြီလ၊ ပထမဆုံး လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာ ကာလမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အရှိန်အဟုန် ပိုရလာတယ်။ စစ်ကောင်စီဟာ လူထုကို နှိမ်နင်းပြီး အာဏာတည်ဆောက်ရေးကို မလုပ်နိုင်ရုံသာမက ကျေးလက်ဒေသ အများအပြားကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။ ကာလရှည်ကြာ ရှိနေခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပေါင်းပြီး စစ်တပ်ကို နေရာအများအပြားကနေ တိုက်ထုတ်နိုင်ခဲ့တယ်။ စစ်တပ်ကတော့ နေရာတော်တော်များများကနေ ဆုတ်ခွာနေရပြီး အကျအဆုံး များလာခဲ့တယ်။ စစ်သုံးပစ္စည်းတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအပေါ် လွှမ်းမိုးထားနိုင်ခဲ့တဲ့ အနေအထားကို စစ်ကောင်စီတပ်တွေက စွန့်လွှတ်လိုက်ရပါတယ်။ ဒါဟာ လွတ်လပ်ရေးရပြီးစ ၁၉၅၀ ပြည့်နှစ် ကာလတွေ နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေအတွက် အနိမ့်ဆုံး အနေအထားပါပဲ။
အဆင့် ၁ ခြေကုပ်နယ်မြေ တည်ဆောက်ခြင်း
ကနဦးအဆင့်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဗဟိုအစိုးရရဲ့ ဩဇာသက်ရောက်မှု မရှိတဲ့ နယ်မြေအများစုကို “သိမ်းပိုက်” ခဲ့ကြတယ်။ တိုက်ပွဲဝင်လာခဲ့ကြတဲ့ မျိုးဆက်သစ် တော်လှန်ရေးသမား အများစုဟာ စစ်ရေးလေ့ကျင့်မှု၊ ဒါမှမဟုတ် တိုက်ပွဲအတွေ့အကြုံ မရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ သမားရိုးကျ အမဲလိုက်ရိုင်ဖယ်တွေနဲ့ လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေကလွဲပြီး တခြားလက်နက်ဆိုတာလည်း မရှိသလောက်ပါပဲ။ ဒါပေမဲ့လည်း လက်နက်ကိုင်တော်လှန်ရေးရဲ့ ကနဦးကာလမှာ အညာဒေသတွေမှာ (အထူးသဖြင့် ဒီဒေသဟာ ၁၉၅၀ ပြည့်နှစ်တွေကတည်းက လက်နက်ကိုင်ပဋိပက္ခ အနည်းငယ်သာ တွေ့ရတဲ့ ဒေသဖြစ်လို့) စစ်တပ်အင်အား နည်းပါးပါတယ်။ ဒါကြောင့် ကြီးထွားလာနေတဲ့ ပုန်ကန်မှုကို ထိထိရောက်ရောက် နှိမ်နင်းဖို့ စစ်တပ်က သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ကျေးရွာအများအပြားမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တော်လှန်ရေး အင်အားစုတွေဘက်ကို ပူးပေါင်းလာတာမျိုး ဒါမှမဟုတ် သူတို့ကိုယ်တိုင် သုတ်သင်ရှင်းလင်း ခံနေရတာမျိုး၊ ဒါမှမဟုတ် ထွက်ပြေးနေရတာမျိုး စတာတွေကြောင့် တော်လှန်ရေး အင်အားစုတွေ လက်ထဲကို အဲဒီဒေသတွေ အများအပြား ကျရောက်ခဲ့ရပါတယ်။
အဆင့် ၂ စစ်တပ်ကို တိုက်ခိုက်ခြင်း
အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်တွေကိုပါ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခဲ့တယ်။ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာသလို အခြေကျပြီးသားဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ပါ ပူးတွဲစစ်ဆင်ရေး လုပ်လာနိုင်ခဲ့တယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာပြီး လုံခြုံရေးကင်းစခန်းတွေ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးယာဉ်တန်းတွေ၊ အထူးသဖြင့် တောင်ထူထပ်တဲ့ ဝေးလံခေါင်သီတဲ့ တောတောင် ဒေသတွေအထိ အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်လာခဲ့ကြတယ်။ ရလဒ်အနေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ စစ်ကောင်စီတပ်တွေ ခြေချနိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ မရှေးနှောင်းမှာပဲ အဓိကမြို့ကြီးတွေနဲ့ အဝေးပြေးလမ်းမကြီးတွေကိုပါ ထိန်းချုပ်ထားနိုင်ဖို့အတွက် နောက်ချန်တပ်တွေကိုပါ တွန်းလှန်တိုက်ခိုက်ဖို့ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်မျက်နှာသာ ပြောင်းလဲသွားပေမဲ့ နေ့စဉ်ထိတွေ့မှုတွေ ဖြစ်ခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ထဲက ကျေးလက်ဒေသ အများစုကို ထိန်းချုပ်ထားနိုင်လာခဲ့တယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အောက်မှာရှိတဲ့ ကရင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဆိုရင်လည်း ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာရှိတဲ့ စစ်တောင်းမြစ်ကို ဖြတ်ကျော်ပြီးတော့ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ရထားလမ်းကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ အနေအထားမျိုး ရောက်ရှိလာခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ထိတွေ့မှုမရှိတဲ့နေရာက အနောက်ဘက်မှာ ရခိုင်ပြည်နယ်နဲ့ အရှေ့ဘက်မှာ ရှမ်းပြည်နယ်တို့ပဲ ရှိပါတယ်။ ဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ အာဏာမသိမ်းခင်ကာလက စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လိုက်နာနေသေးတဲ့ ဒေသတွေဖြစ်သလို နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြိုဆိုလက်ခံတာမျိုးလည်း မရှိခဲ့ပါဘူး။ ရှမ်းပြည်နယ်မှာဆိုရင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဟာ နွေဦးတော်လှန်ရေးအစား ရှမ်းပြည်နယ်ရဲ့ အလယ်ပိုင်းဒေသတွေကို ထိန်းချုပ်နိုင်ရေးအတွက် အချင်းချင်း တိုက်ပွဲဖြစ်ပြီး အလုပ်ရှုပ်နေကြပါတယ်။
အဆင့် ၃ မဟာဗျူဟာဆုံချက်များကို ထိန်းချုပ်ခြင်း
တော်လှန်ရေးအုပ်စုတွေဘက်က အသာရနေတယ် ဆိုပေမဲ့ ဗျူဟာမြောက် အရေးပါတဲ့ နယ်မြေတွေကို ထိုးဖောက်ရေးအတွက်တော့ အခက်အခဲတွေ ကြီးကြီးမားမား ရှိနေပါသေးတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလ ရှမ်းပြည်မြောက်ပိုင်းတခွင်မှာ ဖြစ်ပွားခဲ့တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပထမဦးဆုံး တိုက်ခိုက်မှုတွေ နောက်မှာတော့ ဒီအနေအထားတွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ “၁၀၂၇ စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ ဒီတိုက်ခိုက်မှုဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ စစ်ဆင်ရေးတခု ဖြစ်လာခဲ့ပါတယ်။ ညီနောင်မဟာမိတ်သုံးဖော်လို့ သိနေကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ဟာ ဆယ်နှစ်ကျော် နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်လာခဲ့ကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ ပါဝင်ပြီး လူအင်အား၊ လက်နက်အင်အား ပြည့်စုံတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ညီနောင်သုံးဖော်ရဲ့ စစ်ဆင်ရေးဟာ တိုက်ခိုက်ရည်ညံ့ဖျင်းတဲ့ စစ်ကောင်စီတပ်အတွက် နောက်ထပ် စစ်မျက်နှာသစ်တခုကို ဖန်တီးပေးလိုက်နိုင်ပြီး ကာလရှည်ကြာ ဖြစ်ပွားလာခဲ့တဲ့ ပြည်တွင်းစစ်ကိုလည်း အခြေခံကျကျ ပြောင်းလဲနိုင်စေခဲ့ပါတယ်။ ဒါဟာ ၁၉၆၀ ပြည့်နှစ်တွေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အထွတ်အထိပ် ရောက်ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အဓိကစစ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ မြို့တွေနဲ့ အုပ်ချုပ်ရေးဗဟိုဌာနတွေအပြင် အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေနဲ့ အရေးကြီးတဲ့ ကုန်သွယ်မှု လမ်းကြောင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းမှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပူးပေါင်း ထိန်းချုပ်ထားတဲ့ ဒေသတွေအတွင်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တရုတ်အစိုးရရဲ့ ကြားဝင်ကူညီမှုနဲ့ ပြုလုပ်ခဲ့ပါတယ်။ တဖက်မှာတော့ အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မြို့တွေကို သိမ်းပြီးတော့ စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တယ်။ မြောက်ပိုင်းမှာရရှိခဲ့တဲ့ အောင်မြင်မှုမျိုးရဖို့ နီးသထက် နီးလာခဲ့ပါတယ်။ ဒါဟာ စစ်တပ်အတွက်တော့ နှစ်ရှည်လများ ထိန်းသိမ်းထားတဲ့ အစဉ်အလာတခုကို ထိုးဖောက်ခံလိုက်ရတာ ဖြစ်တယ်။ ဒါ့အပြင် ညီနောင်သုံးဖော်ရဲ့ မကြုံစဘူး အောင်မြင်မှုတွေက နိုင်ငံတွင်းမှာရှိတဲ့ တခြားနေရာတွေကိုပါ ပုံမှန်မဟုတ်တဲ့၊ ရဲရင့်တဲ့ ထိုးစစ်လှိုင်းတွေ ဖြစ်ပေါ်လာဖို့ လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လလယ်မှာ ကချင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အဓိကကျတဲ့ စစ်စခန်းတွေကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ ဝင်ငွေကောင်းတဲ့ သတ္တုသိုက်တချို့ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးသွားရအောင် လုပ်နိုင်ခဲ့ခြင်းပါပဲ။ ၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရပါတယ်။
(ဆက်ရန်)