Home
မြန်မာသတင်း
အာဆီယံဆွေးနွေးပွဲ မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေး လွှမ်းမိုး
DVB
·
July 25, 2024
Photo - ASEAN

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲကို လာအိုနိုင်ငံမှာ စတင်ကျင်းပနေပြီဖြစ်ပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ရှေ့မရောက်ဖြစ်နေတဲ့ကိစ္စနဲ့ တောင်တရုတ်ပင်လယ် တင်းမာမှု လျှော့ချရေးက အဓိက လွှမ်းမိုးနေပါတယ်။ 

နိုင်ငံခြားဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲအပြီး အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တရုတ်၊ ရုရှား၊ နော်ဝေ စတဲ့ နိုင်ငံတွေရဲ့ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပဖို့ရှိပါတယ်။

လူ ၂ ဒသမ ၆ သန်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုထားတဲ့ မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေး  အလုပ်မဖြစ်တဲ့ အားထုတ်မှုတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီး တွေ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 

အာဆီယံရဲ့ အင်အားကြီး အဖွဲ့ဝင်တွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကတော့ မြန်မာစစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးရေးကတိကို မလေးစားတဲ့အပေါ် စိတ်ပျက်နေကြပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ အာဆီယံက ချမှတ်ပေးခဲ့တဲ့ အချက် ၅ ချက်ပါ မြန်မာပြည် ငြိမ်းချမ်းရေးအစီအစဉ်ဟာ အလုပ်မဖြစ်၊ ရှေ့မဆက်နိုင်တာ အခုထိဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိအလှည့်ကျဥက္ကဋ္ဌ လာအို၊ နောက်နှစ် ဥက္ကဋ္ဌ မလေးရှားတို့ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၄ ရက်က ဆွေးနွေးခဲ့ကြသေးတယ်လို့ဆိုပါတယ်။

တောင်တရုတ်ပင်လယ်အရေးမှာတော့ တရုတ်နဲ့အာဆီယံနိုင်ငံတွေအကြား ကျင့်ဝတ်လုပ်ထုံးတရပ် အပြီးသတ်ဖို့လည်း ဖိအားပေးမယ်လို့ မျှော်လင့်ထားပါတယ်။ 

အမေရိကန်နောက်ခံရှိထားတဲ့ ဖိလစ်ပိုင်နဲ့ တရုတ်အကြား ဆက်ဆံရေးတင်းမာလာနေချိန်မှာ ဒီလို လုပ်ထုံးလုပ်နည်းတစ်ရပ် အမြန်အပြီးသတ်ဖို့ အလျင်လိုလာခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ အထူးသီးသန့်စီးပွားရေးဇုန်ထဲပါတဲ့ ပိုင်နက်အငြင်းပွား ကျောက်တန်းကိစ္စမှာ တရုတ်နဲ့ မကြာခဏ ထိပ်တိုက်တိုးနေပါတယ်။ 

ပင်လယ်တခွင်လုံး အစဉ်အလာအရ သူပိုင်တယ်ကြေညာထားတဲ့ တရုတ်နဲ့  ဖိလစ်ပိုင်သာမကဘဲ တခြား အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းတို့နဲ့ပါ အငြင်းပွားနေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013