Home
မြန်မာသတင်း
အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင် ဗိုလ်မှူးလိုက်ပါလာသည့်  စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 25, 2024

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင်အမှတ် ၃၂၃ အနီးမှာ ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က အာဆီယံသေနတ်ပစ်ပြိုင်ပွဲဝင်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတဦးနဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား ၅ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “အာဆီယံ သေနတ်ပစ်ပြိုင်ပွဲ ဝင်ကြမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြစ်ကြီးနားတပ်က ဗိုလ်မှူးကျော်နိုင်ဝင်း ဦးစီးပြီး စစ်ကား ၂ စီးနဲ့ အင်အား ၃၅ ယောက်လောက် ပါလာတဲ့ ယာဥ်တန်းကို နေပြည်တော်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၂၃ မိုင်တိုင်နားက ၁/၂ ကြားမှာ မိုင်းဆွဲတိုက်ခိုက်တာ ကားတစီး ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ တစီးကတော့ လွတ်သွားတယ်” လို့ DVB ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကားပေါ်မှာ လိုက်ပါလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ယာဥ်မောင်းဖြစ်တဲ့ စစ်ကောင်စီတပ် မကွေးထောက်ပို့ ၁၂၁ တပ်က တပ်သားမျိုးမင်းစိုး အပါအဝင် ၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ မိုင်းဆွဲလိုက်တဲ့ စစ်ကားမှာ လိုက်ပါလာတဲ့ ဗိုလ်မှူးကျော်နိုင်ဝင်း ကတော့ လည်ပင်းထိမှန်ဒဏ်ရာ ရရှိ​သွားတယ်။ တပ်ကြပ်ကြီး မျိုးသီဟကျော်နဲ့ တပ်ကြပ် ပြည့်ဖြိုးသူ တို့က စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရသွားကြတယ်။ တပ်သား နန္ဒအောင်ကတော့ မစိုးရိမ်ရဘူးလို့ တပ်တွင်းသတင်းပေးတွေဆီကနေ သိရတယ်ဗျ” လို့ ပြောပါတယ်။

မိုင်းဆွဲခံရလို့ သေဆုံးဒဏ်ရာရတဲ့သူတွေကို စစ်ကောင်စီရဲ့ အမြန်လမ်းရဲတပ်ဖွဲ့က မိတ္ထီလာတပ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်ကတော့ လုံခြုံရေးအရ သတင်းထုတ်ပြန်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024