မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ချမှတ်ထားတဲ့ အာဆီယံရဲ့ငြိမ်းချမ်းရေး အစီအစဉ်ကို စစ်ကောင်စီက စေ့စပ်ညှိနှိုင်းဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံပြီးချိန်မှာ ခုလိုမှတ် ချက်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်တွေအတွင်းမှာ ဂျာကာတာမှာကျင်းပခဲ့ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာ ဖြစ်ပြီး အခုအချိန်အထိ တချက်မှ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။
ဘုံသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံ အထူးသံတမန်က ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံကတဆင့် လူသားချင်းစာနာမှုအကူအညီတွေပေးရေးနဲ့ အာဆီယံအထူးသံတမန် မြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနဲ့တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီကတော့ “မြန်မာစစ်ကောင်စီဟာ အချက် ၅ ချက်ပါတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကတိပျက်ကွက်ခဲ့တဲ့အပေါ် ကျမတို့အနေနဲ့ တူညီတဲ့ အမြင်တွေကို မျှဝေခဲ့ကြပါတယ်” လို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားမျှဝေထားပါတယ်။
စင်ကာပူနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံစလုံးဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းယူမှုအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပြီး အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ သံတမန်ရေးအရ ကြိုးပမ်းခဲ့ပေမဲ့ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်နေတဲ့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အရပ်ဘက်ကိုယ်စားလှယ်တွေကိုပဲ တက်ခွင့်ပေးဖို့ ကန့်သတ်ထားပေမဲ့ အခု လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာတော့ မြန်မာစစ်ကောင်စီက စေလွှတ်တဲ့ အဆင့်မြင်အရာရှိ ၂ ဦး တက် ရောက်နေပါတယ်။
Source: AFP