Home
ဆောင်းပါး
ကာမာလာ ဟားရစ် သမ္မတဖြစ်လာနိုင်သလား 
DVB
·
July 25, 2024
Design-DVB

အိုကြီးအိုနနဲ့ ကျန်းမာရေးချို့ယွင်းနေရှာပြီဖြစ်တဲ့ အမေရိကန်သမ္မတကြီး ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ ပြန်မဝင်တော့ပါဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆိုင်းမဆင့် ဗုံမဆင့် ကြေညာချက် ထုတ်ပြန်လိုက်ပြီးချိန်ကစလို့ ဒု-သမ္မတ ကာမာလာ ဟားရစ်ရဲ့ နာမည်က မီဒီယာများရဲ့ ရှေ့တန်းကို ရောက်လို့လာခဲ့ပါတယ်။ သမ္မတကြီး ဘိုင်ဒင် ကိုယ်တိုင်က ထောက်ခံချက် အပြည့်အဝ ပေးတဲ့အပြင် နန်စီပယ်လိုစီ၊ ဟီလာရီ ကလင်တန် စတဲ့ နာမည်ကြီး ဒီမိုကရက်တွေ၊ ပြိုင်ဘက်တွေကလည်း ဟားရစ်ဘက်က ထောက်ခံကြလို့ ကာမာလာဟားရစ်က နေ့ချင်းညချင်း ပေါ်ပြူလာဖြစ်လာခဲ့တယ်။ ဟားရစ် အမေရိကန်သမ္မတ ဖြစ်လာနိုင်သလား…။

ခုချိန်မှာ ဒီမေးခွန်းအတွက် အဖြေဟာ အင်မတန်စောလွန်းပါသေးတယ်။

နောက် လေးလတာကာလအတွင်း ဟားရစ်အနေနဲ့ မဲဆန္ဒရှင်တွေကို ဘယ်လောက်စည်းရုံးနိုင်မလဲ။ ဟိုဘက်ယိမ်း၊ ဒီဘက်ယိမ်း (swing states) ပြည်နယ်တချို့ရဲ့ မဲတွေကို ဘယ်လောက်ထိ ရယူနိုင်မလဲ။ ထရမ့်ပ်ကိုရော အပြတ်အသတ် အသာစီးရအောင် သူ ဘာတွေလုပ်ပြနိုင်မလဲ။ စောင့်ကြည့်ရပါဦးမယ်။ လတ်တလောမှာတော့ သူ့ကို ဒီမိုကရက်သမ္မတလောင်းအဖြစ် အတည်ပြုထောက်ခံဖို့ ကိုယ်စားလှယ်အရေအတွက် အလုံအလောက် ရထားပြီလို့ ဆိုတဲ့အတွက် လာမယ့် ဩဂုတ်လ ၁၉ ရက်မှာ ကျင်းပဖို့ရှိတဲ့ ဒီမိုကရက်ပါတီ ညီလာခံမှာ တရားဝင် သမ္မတလောင်းဖြစ်လာဖို့ အလားအလာ ကောင်းနေတယ်။

ကာမာလာ ဟားရစ်က ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေအကျိုးဆောင်ချုပ်ဟောင်းတဦး ဖြစ်သလို ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်ခဲ့တယ်။ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့လို့ အဲဒီအချိန်က သမ္မတလောင်း ဂျိုးဘိုင်ဒင်က သူနဲ့ တွဲဖက် ဒု-သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ရာက ၂၀၂၁ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံရဲ့ ဒု-သမ္မတတဦး ဖြစ်လာခဲ့သူပါ။

ကာမာလာ ဟားရစ်နဲ့ ပတ်သက်ပြီး ပြောရရင် သူမဟာ အမေရိကန်သမိုင်းမှာ ပထမဦးဆုံး    နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဒု-သမ္မတ ရာထူးကို ရရှိခဲ့တဲ့ လူမည်းအမျိုးသမီးတဦး ဖြစ်နေတာပါပဲ။

ခု ကာမာလာ ဟားရစ်က အမေရိကန်သမ္မတလောင်းလက်မှတ် ကိုင်ဆောင်ခွင့်ရတော့မယ့် အနေအထားမှာ ပထမဆုံး လူမည်းအမျိုးသမီးသမ္မတတဦး ပေါ်ထွက်လာတော့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့တယ်။

အကယ်၍ လာမယ့် နိုဝင်ဘာ ၅ ရက်၊ အမေရိကန်ရွေးကောက်ပွဲမှာ ကာမာလာ ဟားရစ်သာ ဒေါ်နယ်ထရမ့်ပ်ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် သူမဟာ နှစ်ပေါင်း ၂၅၀ ကျော် အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတတဦး ဖြစ်လာတော့မှာဖြစ်သလို ပထမဦးဆုံး လူမည်းအမျိုးသမီးသမ္မတတဦး ဖြစ်လာပါတော့မယ်။ ဘားရက်အိုဘားမားက အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်ခဲ့သလို ကာမာလာ ဟားရစ်ကလည်း ပထမဆုံး လူမည်း အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ။ တကယ်ရော ဖြစ်လာနိုင်ခြေ ရှိနေပြီလား..။

ခုချိန်မှာ ပြောဖို့တော့ စောပါသေးတယ်။ မကြာခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရတော့ ကာမာလာ ဟားရစ်က ထရမ့်ပ်ရဲ့ နောက်နားလေးမှာ ရှိနေတုန်းပဲ။ သမ္မတဘိုင်ဒင် ကျန်းမာရေးမကောင်းလို့ စကားစစ်ထိုးပွဲမှာ အလွဲလွဲအချော်ချော် ဖြစ်ပြီးချိန်က စလို့ ထရမ့်ပ်က လူထုမဲဆန္ဒစစ်တမ်းမှာ နှာတဖျားသာနေသေးတယ်။

ထရမ့်ပ်နဲ့အဖွဲ့ကတော့ ဒီမိုကရက်ဘက်က သမ္မတလောင်း ဟားရစ် ဖြစ်လာတော့မယ့်အတွက် ပစ်မှတ်ကို ပြင်နေရပါပြီ။ ထရမ့်ပ်ကတော့ ဟားရစ်ကို ဘိုင်ဒင်က သူ့ကိုယ်စား ရွေးချယ်ထားခဲ့ချိန်မှာပဲ “ဘိုင်ဒင်ထက်စာရင် ဟားရစ်က နိုင်ဖို့ ပိုပြီးလွယ်ပါတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။ ဟားရစ်ကတော့ ဥပဒေအကျိုးဆောင်ချုပ်ပီပီ ရာဇဝတ်သား ထရမ့်ပ်ကိုလည်း အပြစ်ရှာသွားမယ်လို့ မနေ့က မဲဆွယ်ပွဲမှာ ထည့်ပြောသွားတယ်။

“ကျမက သစ္စာဖောက် အပြစ်သားမျိုးစုံကို ကိုင်တွယ်ခဲ့သူပါ။ မိန်းမတွေကို စော်ကားဖို့ ချောင်းနေတဲ့ သားကောင်တွေ၊ အကျင့်ပျက်ခြစားသူတွေ၊ လူလိမ်တွေ၊ ဥပဒေချိုးဖောက်သူတွေကို ကိုင်တွယ်ခဲ့သူပါ။ ထရမ့်ပ်ရဲ့ စရိုက်ကို ကျမ ကောင်းကောင်းသိပါတယ်။ သူ့ကို အနိုင်ရဖို့ ကျမမှာ မှတ်တမ်းကောင်းတွေ ရှိနေပါတယ်။”

မနေ့က ဝစ္စကွန်ဆင်မှာ ပထမဆုံးပြုလုပ်တဲ့ မဲဆွယ်ပွဲမှာတော့ ကာမာလာ ဟားရစ်က “ဒေါ်နယ်ထရမ့်ပ်ဟာ ကျမတို့တိုင်းပြည်ကို နောက်ပြန်လှည့်ဖို့ ကြိုးစားနေတယ်။ ကျမတို့ လွတ်လပ်ခြင်း၊ မေတ္တာတရားနဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ နေချင်သလား။ ပရမ်းပတာ၊ စိုးရိမ်ထိတ်လန့်မှု၊ အမုန်းတရားတွေအောက်မှာ နေချင်သလား” ဆိုပြီး ပရိသတ်ကို မေးခွန်းထုတ်တဲ့အချိန်မှာ လက်ခုပ်သံတွေ အများကြီး ရခဲ့သလို “ကာ မာ လာ..ကာ မာ လာ..” ဆိုတဲ့ ကျယ်လောင်တဲ့ တုံ့ပြန်သံတွေ ကြားခဲ့ရတယ်။

ကာမာလာ ဟားရစ်ရဲ့ ပထမဆုံး စည်းရုံးရေးက ဘိုင်ဒင်ရဲ့ စည်းရုံးရေးခရီးစဉ်ထက် ပိုပြီး အားပေးသူ များခဲ့တယ်။ ဒီမဲဆွယ်ပွဲအပြီးမှာပဲ ကာမာလာအပေါ် ထောက်ခံသူဦးရေက ထရမ့်ပ်ထက် ၂ ရာခိုင်နှုန်း ပိုများသွားတယ်လို့ စစ်တမ်းတွေက ဆိုတယ်။ ကာမာလာ ဟားရစ်က ၄၄% ဆိုရင် ထရမ့်ပ်က ၄၂%။

လတ်တလောအခြေအနေမှာ ကာမာလာရဲ့ စည်းရုံးရေးနဲ့ သူ့ကို ဝန်းရံထောက်ခံသူတွေ အားကောင်းနေတယ်။ တနေ့တည်းမှာ ရန်ပုံငွေ ဒေါ်လာ ၈၁ သန်း ရှာဖွေပေးနိုင်ခဲ့တယ်။

ကာမာလာနဲ့ ထရမ့်ပ်တို့ ပြိုင်ကြတဲ့ ဒီပွဲမှာ ကာမာလာက သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ ဥပဒေအကျိုးဆောင်ရှေ့နေနဲ့ ရာဇဝတ်သားတို့ ပြိုင်ကြတဲ့ပွဲအဖြစ် တင်စားတယ်။

ထရမ့်ပ်သည် ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်စီရင်ခံထားရသူ။ လာမယ့် အမေရိကန်ရွေးကောက်ပွဲသည် ရာဇဝတ်သားနဲ့ ဥပဒေအကျိုးဆောင်တို့ရဲ့ ပြိုင်ပွဲ။

ခုချိန်မှာ ဘယ်သူအနိုင်ရမယ်ဆိုတာ ပြောဖို့ စောသေးပေမဲ့ ဒီမိုကရက်သမ္မတလောင်း ဖြစ်လာမယ့် ကာမလာ ဟားရစ်သာ ရွေးကောက်တင်မြှောက်ခံခဲ့ရရင် သူဟာ အမေရိကန်နိုင်ငံရဲ့ နှစ်ပေါင်း ၂၅၀ သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတတဦး ဖြစ်လာတော့မှာပါ။ လူဖြူမဟုတ်တဲ့ လူမည်းအမျိုးသမီးတဦးက အမေရိကန်သမ္မတ ဖြစ်လာခဲ့ရင် သူဟာ သမိုင်းမှတ်တမ်းသစ် ရေးထိုးသူအဖြစ် သမိုင်းဝင်တော့မှာဖြစ်တယ်။

ဟားရစ်က လူမည်းအမျိုးသမီးတဦး ဆိုပေမဲ့ အာဖရိကန်-အမေရိကန်နဲ့ အိန္ဒိယ-အမေရိကန် မိဘနှစ်ပါးက အမေရိကမှာ မွေးဖွားခဲ့သူပါ။ ဖခင်က ဗြိတိသျှဂျမေကာကနေ အမေရိကန်ကို ပြောင်းရွှေ့လာသူ အာဖရိကန်။ မိခင်က အိန္ဒိယနိုင်ငံသူ။ နယူးဒေလီတက္ကသိုလ်ကနေ ဘွဲ့ရကျောင်းသူတဦးအဖြစ် အသက် ၁၉ နှစ်အရွယ် ၁၉၅၈ ခုနှစ်မှာ ကယ်လီဖိုးနီးယား၊ ဘာကလေတက္ကသိုလ်ကို ဘွဲ့လွန်လာတက်ရင်း ဖခင်ဖြစ်တဲ့ ဒေါ်နယ်ဟားရစ်နဲ့ ဖူးစာဆုံခဲ့တာ ဖြစ်တယ်။ ဒေါ်နယ်ဟားရစ်ကလည်း ဂျမေကာကနေ ၁၉၆၁ ခုနှစ်မှာ အမေရိကန်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စတန်ဖို့ဒ်တက္ကသိုလ်ရဲ့ စီးပွားရေးပါမောက္ခတဦး ဖြစ်တယ်။

ကာမာလာ ဟားရစ် အသက် ၇ နှစ်အရွယ်မှာ မိခင်နဲ့ ဖခင် အိမ်ထောင်ရေးကွာရှင်းခဲ့ကြပြီး Single mother မိခင်ဖြစ်သူ ရှာယာမာလာ ဂိုပါလန်ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ရတယ်။ မိခင်ဖြစ်သူက ရင်သားကင်ဆာ သုတေသီတဦးလည်း ဖြစ်တယ်။ မိခင်နဲ့အတူ အသက် ၁၂  နှစ်မှာ ကနေဒါကို ပြောင်းရွှေ့ပြီး အဲဒီမှာ အထက်တန်းကျောင်းတက်၊ နောက်တော့ လူမည်းတက္ကသိုလ်တခုဖြစ်တဲ့ ဝါရှင်တန်ဒီစီက ဟောင်းဝပ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဥပဒေကျောင်း ဆက်တက်ခဲ့တယ်။

ဟားရစ်ရဲ့ ငယ်ဘဝတလျှောက်လုံး Single mother မိခင်နဲ့ နေထိုင်ခဲ့ရပြီး အိန္ဒိယနိုင်ငံ၊ မဒရပ်စ် (အခု ချန်နိုင်း) မြို့က အဘိုးဖြစ်သူ ဂိုပါလန်ရဲ့ လွှမ်းမိုးမှုတွေ ရှိခဲ့တယ်။ ဟားရစ်က အာဖရိကန်ဖခင်က မွေးဖွားသူဆိုပေမဲ့ မိခင်ဖြစ်သူရဲ့ အိန္ဒိယနဲ့ ဟိန္ဒူဘာသာ ဓလေ့စရိုက်တွေ သူ့အပေါ် အများကြီး လွှမ်းမိုးခဲ့တယ်။

ဟားရစ်သာ အမေရိကန်သမ္မတ ဖြစ်လာခဲ့ရင် အနောက်ကမ္ဘာမှာ အိန္ဒိယနွယ်ဖွားတွေရဲ့ လွှမ်းမိုးမှုကို သိသိသာသာ မြင်တွေ့ရတော့မယ်လို့ ဆိုရမယ်။ မကြာသေးခင်ကပဲ ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ရာထူးက နုတ်ထွက်လိုက်ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီသျှီ ဆူနက်ကလည်း အိန္ဒိယနွယ်ဖွားတဦးပါပဲ။ အာဖရိကကနေ အင်္ဂလန်ကို ရွှေ့ပြောင်းအခြေချနေထိုင်တဲ့ မိဘနှစ်ပါးကနေ ဆောက်သင်ပတန်မှာ မွေးဖွားခဲ့တဲ့ ရီသျှီဆူနက်လည်း ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတခုရဲ့ ဝန်ကြီးချုပ်တာဝန်ကို ၂ နှစ်ကျော် ထမ်းဆောင်သွားခဲ့တယ်။

ဆူနက် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာတော့ သူဟာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်လို့သာ ဆိုတယ်။ အင်္ဂလိပ်ပုံစံ လုံးဝမပေါက်တဲ့ အိန္ဒိယနွယ်ဖွားတဦးက ဗြိတိန်ဝန်ကြီးချုပ် ဖြစ်နေသလိုပဲ ခံစားမိတယ်။ ဒါပေမဲ့ သူတို့က အသားအရောင်ကို အဓိကထားကြသူတွေ မဟုတ်ဘူး။ Rule of Law အရ နိုင်ငံသားအဖြစ် အကြုံးဝင်သူမှန်သမျှ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ခွင့်ရကြတယ်။ ခုတော့လည်း ဆူနက်ရဲ့ကဏ္ဍက လေဘာပါတီ နိုင်ပြီးချိန်ကစလို့ ပြီးသွားပါပြီ။ သူတို့ဆီမှာ နိုင်ငံရဲ့အမြင့်ဆုံး ဝန်ကြီးချုပ်၊ သမ္မတတာဝန်တွေ ဆိုတာက နိုင်ငံသားတွေက ရွေးချယ်ပြီး စေခိုင်းလိုက်တဲ့ တာဝန်တွေပါ။ တာဝန်ပြီးဆုံးသွားတော့လည်း သာမန်အရပ်သားတွေလိုပဲ သွားလာလှုပ်ရှားနေကြတာပဲ။

ကာမာလာ ဟားရစ်က သမ္မတလောင်းအဖြစ် တရားဝင် အမည်စာရင်း အတည်မပြုရသေးပါဘူး။ လာမယ့် ဩဂုတ် ၁၉ ရက်ကနေ ၂၂ ရက်အထိ ချီကာဂိုမှာပြုလုပ်မယ့် ပါတီညီလာခံကျမှ ကိုယ်စားလှယ်တွေက ထောက်ခံအတည်ပြုမှာပါ။ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တို့ရဲ့ ထရမ့်ပ်-ဘိုင်ဒင် မကျေပွဲကနေ ထရမ့်ပ်-ကာမာလာဟားရစ် ပြိုင်ပွဲအဖြစ် ပြောင်းလဲသွားတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကို လာမယ့်လေးလအတွင်း ရင်ခုန်စွာနဲ့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

CWM 

Ref: Harris assails Trump, promises compassion over chao in debut rally. CNA and other sources.

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024