Home
နိုင်ငံတကာ
အမေရိကန်က ဟေတီကို ဒေါ်လာသန်း ၆၀ အကူအညီပေးမည်ဟုကြေညာ
DVB
·
July 23, 2024
Photo - REUTERS/Ralph Tedy Erol

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ဟေတီနိုင်ငံအတွက် ဒေါ်လာ သန်း ၆၀ ဖိုး အကူအညီပေးမယ်လို့ သူ့ရဲ့ ဟေတီနိုင်ငံခရီးစဉ် တလအတွင်း ဇူလိုင် ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

ဟေတီနိုင်ငံက ဂိုဏ်းအကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ လုံခြုံရေးမစ်ရှင် တစိတ်တပိုင်းအဖြစ် ကင်ညာရဲတပ်ဖွဲ့ ပထမဆုံးအသုတ် ရောက်ရှိလာခဲ့ပြီးနောက်မှာ ခုလိုကြေညာလိုက်တာပါ။

လူသားချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ သန်း ၆၀ ဟာ US Aids အစီအစဉ်ကနေတဆင့် ဟေတီပြည်သူတွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ အမေရိကန် ကုလသံအမတ်က ပြောပါတယ်။

ဟေတီနိုင်ငံမှာ ဒီမိုကရက်တစ် အနာဂတ်ကို ဖန်တီးဖို့ မျှော်လင့်ထားပြီး ဟေတီလူမျိုးတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ရထိုက်တယ်လို့လည်း ဆိုပါတယ်။ ဒီအကူအညီတွေဟာ နိုင်ငံရဲ့ ပြည်သူလူထုကို ထောက်ပံ့ပေးပြီး ဂိုဏ်းအကြမ်းဖက်မှုတွေကြောင့် ကြုံတွေ့ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို သက်သာစေလိမ့်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဟာရရှိတဲ့ အစားအစာ၊ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အမိုးအကာ နေရာထိုင်ခင်းတို့ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး တခြားအထောက်အပံ့တွေကြားမှာ ရေနဲ့ သန့်ရှင်းရေး လိုအပ်ချက်တွေမှာလည်း တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဂိုဏ်းစစ်ပွဲတွေကြောင့် ဟေတီလူမျိုး ၅၇၈,၀၀၀ ထောင်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဟေတီနိုင်ငံရဲ့ လူဦးရေ ၁၁ ဒသမ ၇ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၅ သန်းလောက်ဟာ ပြင်းထန်တဲ့ ဆာလောင်ငတ်မွတ်မှုနဲ့ ကြုံတွေ့နေရပြီး အဲဒီလူတွေထဲက ၁ ဒသမ ၆ သန်းဟာ ငတ်မွတ်ခေါင်းပါးခြင်း အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အခုချိန်မှာ ဟေတီမြို့တော် ပို့ထ်အော့ပရင့်စ်ရဲ့ နေရာအများစုကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ကျယ်ပြန့်တဲ့ မဟာမိတ်အဖွဲ့ကို ဖွဲ့ခဲ့ကြပြီး သတ်ဖြတ်မှုတွေ၊ ကြုံသလို ကျူးလွန်နေတဲ့ မုဒိမ်းမှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအကြား အဓမ္မပြုကျင့်မှုဟာ ၂၀၂၂ ခုနှစ်က အလားတူကာလထက် ကျူးလွန်နှုန်း ၄၉ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဟေတီအမျိုးသားရဲတပ်ဖွဲ့ကို လက်နက်ကိုင်ဂိုဏ်းတွေကို တိုက်ခိုက်ရာမှာ ကူညီပေးဖို့ ကြာမြင့်စွာ နှောင့်နှေးနေခဲ့တဲ့ နိုင်ငံစုံ လုံခြုံရေး အထောက်အပံ့မစ်ရှင်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကင်ညာရဲတပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဟေတီကို ရောက်ရှိလာခဲ့တာပါ။

အင်အားအပြည့်အဝ ၂,၅၀၀ လောက် သတ်မှတ်ထားပေမဲ့ သူတို့ ဘယ်အချိန်မှာ ရောက်လာနိုင်မယ်ဆိုတာ မသေချာသေးပါဘူး။ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေကလည်း နောက်ကျနေပါတယ်။

ဟေတီအစိုးရဟောင်းက အကူအညီတောင်းခံခဲ့ပြီး ၁ နှစ်အကြာမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တပ်ဖွဲ့တွေကို ခွင့်ပြုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ မဟုတ်တဲ့ မစ်ရှင်အတွက် ဒေါ်လာသန်း ၃၀၀ လောက် ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013