Home
နိုင်ငံတကာ
ဒုသမ္မတ ကမ်မလာဟားရစ် လူမှုကွန်ရက်တွင် “ဇိုး” အမည်ဖြင့် ရေပန်းစား
DVB
·
July 23, 2024
Photo - REUTERS/Leah Millis

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် အရွေးခံရဖို့ သေချာသွားတဲ့ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်ဟာ လူမှုကွန်ရက်မှာလည်း “ဇိုး” ဆိုပြီး ရေပန်းစားနေပါတယ်။

ဗြိတိန်ပေါ့ပ်အဆိုတော် Charli XCX က သူ့နောက်ဆုံးထွက် အယ်လ်ဘမ်နာမည်လည်း ဖြစ်တဲ့ Brat ဆိုတဲ့ အမည်ကိုသုံးပြီး “ကမ်မလာဟာ ဇိုးပဲ” (kamala IS brat) ဆိုပြီး ကင်ပွန်းတပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းကို ဟားရစ်ရဲ့ မဲဆွယ်အဖွဲ့ကလည်း ဆက်အသုံးချခဲ့ပြီး Kamala HQ အကောင့်ကိုတောင် အယ်လ်ဘမ်ရဲ့ သံပရာစိမ်းရောင် ပြောင်းပစ်ခဲ့ပါတယ်။

အခုအသုံးအနှုန်းနဲ့ ကမ်မလာရဲ့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပုံရိပ်တွေက လူမှုကွန်ရက်မှာ မီးမ် (meme) ပုံရိပ်တွေအဖြစ်ပါ ရေပန်းစားနေပြီး မျိုးဆက်သစ် Gen Z တွေကို ဆွဲဆောင်နိုင်တဲ့ပုံရိပ်တွေ ဖြစ်လာပါတယ်။ Brat ဆိုတာ ကောင်ဆိုးလေး၊ ဆိုးပေလေး လို့ အဓိပ္ပာယ်ရပါတယ်။

Charli XCX ကတော့ brat ဆိုတာ “နည်းနည်း ဗရုတ်ဗရက်နိုင်တဲ့၊ ပါတီပွဲကြိုက်တဲ့၊ တခါတလေ ခပ်တုံးတုံးအရာတွေ ပြောတတ်တဲ့၊ သူ့ကိုယ်သူ ဘာဆိုတာ ခံစားသိရှိပေမဲ့ တခါတလေကျတော့လည်း ကြေကွဲလူငယ် ဖြစ်နေတတ်တဲ့ မိန်းကလေးမျိုး” လို့ အဓိပ္ပာယ် ဖွင့်ပြထားပါတယ်။

“ဇိုး” အဖြစ် နှိုင်းလောက်စရာ အသက် ၅၉ နှစ်အရွယ် ဟားရစ်ရဲ့ ဗီဒီယိုမှတ်တမ်းတွေကလည်း လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။

၂၀၂၃ တုန်းက နိုင်ငံရေးလေ့လာသူတွေက ဝေဖန်ခဲ့ကြတဲ့ ဟားရစ်ရဲ့ မိန့်ခွန်းဟာ အခုအခါမှာတော့ ဂျန်ဇီတွေကြားမှာ ဖြစ်တည်မှု ဒဿနတခုအဖြစ် သဘောကျ နှစ်ခြိုက်စရာ ဖြစ်နေကြပါတယ်။

မိခင်ဖြစ်သူက သူ့ကို အမြဲပြောလေ့ရှိတဲ့စကားကို ပြန်ကိုးကားတဲ့ ဟားရစ်ရဲ့စကားက “အုန်းပင်မိန့်ခွန်း” ဆိုပြီး လူငယ်ထုကြားမှာ သဘောကျစရာ ဖြစ်နေပါတယ်။

“ဟဲ့ သမီး၊ နင့်ကိုယ်နင် အုန်းပင်ပေါ်က ကျလာတယ် ထင်နေတာလား” ဆိုတဲ့ စကားကို ပြောရင်း ဟားရစ်က ခွက်ထိုးခွက်လှန် ရယ်ပါတယ်။

“သမီးရဲ့ နေထိုင်ဖြစ်တည်မှု၊ သမီးမတိုင်ခင် ရှိခဲ့တဲ့အရာတွေ ဒါတွေအားလုံးကြောင့် သမီးဖြစ်လာတာ” လို့ သူ့အမေက ပြောခဲ့ကြောင်း ဟဲရစ်က ပြန်ပြောပြခဲ့တာပါ။

ဒေါ်နယ်ထရမ့်ပ်ကတော့ ဟားရစ် ရယ်တဲ့ပုံကိုကြည့်ရင် ဒီမိန်းမ ရူးနေတယ်ဆိုတာ သိနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်က မဲဆွယ်ပွဲမှာ ပြောခဲ့ပါတယ်။

အင်တာနက်ကြောင့် အုန်းပင်အီမိုဂျီဟာ ဟားရစ်ရဲ့ တရားမဝင် မဲဆွယ်သင်္ကေတ ဖြစ်လာပါတယ်။ TikTok မှာ “အုန်းပင်” မိန့်ခွန်းက အသံနဲ့လုပ်ထားတဲ့ ဗီဒီယို ၃,၀၀၀ လောက် ရှိပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013