လုံခြုံရေးကျိုးပေါက်မှုကြောင့် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ပစ်ခတ်ခံရတဲ့ကိစ္စအတွက် အဓိကတာဝန်ရှိတဲ့ လျှို့ဝှက်ထောက်လှမ်းရေးဌာန အကြီးအကဲ နုတ်ထွက်ပေးဖို့ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် နှစ်ပါတီစလုံးက လွှတ်တော်အမတ်တွေက ပူးတွဲတောင်းဆိုခဲ့ကြပါတယ်။
အောက်လွှတ်တော် ကြီးကြပ်ရေးနဲ့ ပွင့်လင်းမြင်သာရှိရေး ကော်မတီက လျှို့ဝှက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကင်မ်ဘာလေ ချီတဲလ်ကို စစ်မေးချိန်မှာ အခုလို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ပါတီလိုင်းအရ သဘောကွဲလွဲလေ့ရှိတဲ့ ကော်မတီဝင်တွေဟာ ဒီကိစ္စမှာတော့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အပေါ် စိတ်ပျက်မိတဲ့နေရာမှာ တသဘောတည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
၄ နာရီခွဲတောင်ကြာတဲ့ စစ်မေးမှုအတွင်းမှာ ဇူလိုင် ၁၃ ရက်က ပစ်ခတ်မှုဟာ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ သမိုင်းမှာ ဆယ်စုနှစ်များစွာအတွင်း အထင်ရှားဆုံး စစ်ဆင်ရေးကျဆုံးမှု ဖြစ်ခဲ့တယ်ဆိုတာ ညွှန်ကြားရေးမှူးက ဝန်ခံခဲ့ပါတယ်။
ဒါပေမဲ့ လွှတ်တော်အမတ်တွေ တောင်းဆိုသလို နုတ်ထွက်သွားမှာမဟုတ်ဘဲ ဒီလိုအချိန်မျိုးမှာ လျှို့ဝှက်ထောက်လှမ်းရေးကို ဦးဆောင်ဖို့ သူသာ အသင့်တော်ဆုံးဖြစ်တယ်လို့ ချီတဲလ်က ပြောကြားခဲ့ပါတယ်။
Source-Reuters