Home
နိုင်ငံတကာ
သမ္မတဘိုင်ဒင် ရွေးကောက်ပွဲထပ်မပြိုင်တော့ဘဲ ဒုသမ္မတဟဲရစ်ကို အစားထိုးရန် အဆိုပြု
DVB
·
July 22, 2024
Photo-Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲထပ်ပြိုင်မယ့်အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။

ရီပတ်ဘလစ်န်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်နဲ့ ယှဉ်ပြိုင်ဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် သူ့နေရာမှာ လက်ရှိဒုသမ္မတ ကာမာလာဟဲရစ်နဲ့ အစားထိုးဖို့ အဆိုပြုခဲံပါယ်။

“ရွေးကောက်ပွဲထပ်ပြိုင်ဖို့ ရည်ရွယ်ပေမဲ့၊ ကျနော်ထွက်ပေးတာဟာ ကျနော့်ပါတီနဲ့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိကျန်ရှိတဲ့ သက်တမ်းအတွက်ပဲ သမ္မတတာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ အပြည့်အဝအာရုံစိုက်သွားတော့မှာဖြစ်ပါတယ်” လို့ ဘိုင်ဒင်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာကော်မတီ သဘာပတိ ဂျေမီဟဲရစ်ဆင်က ပါတီက ဆက်လက်ဆောင်ရွက်မယ့် အဆင့်တွေနဲ့ သမ္မတလောင်း အဆိုပြုမယ့် အစီအစဉ်ကို အများပြည်သူ သိရှိနိုင်အောင် မကြာမီမှာ အသိပေးသွားမယ်လို့ ကြေညာပါတယ်။

ဒါဟာ ရာစုနှစ်ထက်ဝက်ကျော်အတွင်းမှာ လက်ရှိအမေရိကန်သမ္မတတယောက်က သူ့ပါတီရဲ့ သမ္မတလောင်းအဖြစ် အဆိုပြုခံထားရမှုကို ပထမဆုံးအကြိမ် စွန့်လွှတ်မှုလည်းဖြစ်လာပါတယ်။

အသက် ၅၉ နှစ်အရွယ်ဟာ ဟဲရစ်ဟာ တရားဝင်သာအဆိုပြုခံရရင် နိုင်ငံသမိုင်းမှာ ပထမဆုံး အကြိမ် ပါတီကြီးတခုရဲံ  အမျိုးသမီးလူမည်းသမ္မတလောင်းဖြစ်လာမှာပါ။

လူမည်းသမ္မတလောင်းလို့ မီဒီယာတွေက အလွယ်သုံးပေမဲ့ တကယ်တမ်းမှာ မိခင်ဖြစ်သူက အိန္ဒိယနွယ်ဖွား တမီလ်လူမျိုးဖြစ်ပြီး ဖခင်က အာဖရိကနွယ်ဖွား ဂျမေကာနိုင်ငံသား ဖြစ်ပါတယ်။ ဒါကြောင့် အာဖရိက-အိန္ဒိယကပြားလို့ ပြောနိုင်ပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ ဟဲရစ်ဆိုရင် ပိုတောင် နိုင်ဖို့လွယ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၇ ရက် ထရမ့်ပ်နဲ့ စကားစစ်ထိုးပွဲမှာ ဘိုင်ဒင်ဟာ တော်တော် အခြေအနေ မကောင်းဖြစ်နေတဲ့ပုံ ပေါ်ခဲ့အပြီးမှာ ထပ်မပြိုင်တော့ဖို့ ပါတီတွင်း အကြီးအကျယ်ဖိအားပေးခံခဲ့ရတာဖြစ်ပါတယ်။

ပါတီက ပြည်ထောင်စုအဆင့် ကွန်ဂရက် လွှတ်တော်အမတ် ၃၆ ဦးအထိ ဘိုင်ဒင်ထွက်ပေးဖို့ လူသိရှင်ကြား တိုက်တွန်းခဲ့ကြပါတယ်။

ဘိုင်ဒင်ဟာ စနေနေ့ညအထိ ပြိုင်မယ်လို့ တင်းခံနေခဲ့ပြီး တနင်္ဂနွေနေ့ ညနေပိုင်းမှ စိတ်လျှော့လိုက်တာဖြစ်တယ်လို့ အတွင်း သတင်းတွေက ဖော်ပြပါတယ်။

ဟဲရစ်က သမ္မတလောင်းနေရာ ဝင်ပြိုင်မယ်လို့ ပြောထားပေမဲ့ ပါတီတွင်း ဘယ်သူတွေက စိန်ခေါ်မယ်၊ ပါတီသမ္မတလောင်းကို ဘယ်လိုပုံစံပြန်ရွေးမယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။

ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေကတော့ ဘိုင်ဒင်ဟာ ရွေးကောက်ပွဲတောင် မပြိုင်နိုင်ရင် လက်ရှိသမ္မတနေရာလည်း ဆက်မနေဘဲ ဟဲရစ်ကို ချက်ချင်းလွှဲသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

အဲဒီလို သမ္မတနေရာကပါ ဆင်းပေးရရင် ဟဲရစ်က သမ္မတဖြစ်လာနိုင်ပေမဲ့ အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ ရီပတ်ဘလီကန်အမတ် မိုက်ဂျွန်ဆင်က ဒုသမ္မတနေရာ ရောက်သွားမှာပါ။ ဒါကြောင့် ဒီဖိအားပေးမှုကိုတော့ ဒီမိုကရက်တွေဘက်က လက်ခံဖို့ ခက်ခဲမှာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013