အမေရိကန်နိုင်ငံခြားရေးဌာနဟာ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတဦးကို တရားလက်လွတ် သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားတဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ တပ်ကြပ်ဟောင်းတဦးကို အမေရိကန်ပြည်ထောင်စုကို ခရီးသွားခြင်းကနေ ဇူလိုင် ၁၇ ရက်မှာ တားမြစ်ခဲ့ပါတယ်။
အနောက်ဘက်ကမ်းမှာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံး လုပ်ဆောင်ချက်တခု အနေနဲ့ ဝါရှင်တန်ဟာ အနောက်ဘက်ကမ်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေမှာ ပါဝင်တဲ့ လူအုပ်စုအပေါ် ဗီဇာကန့်သတ်ချက်တွေ ချမှတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက ပြောပါတယ်။
တပ်ကြပ်ကြီး အီလော်ရ် အဇာရီးယားကို လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ပါဝင်ပတ်သက်မှုအတွက် ရွေးချယ်တာဝန်ပေးခံခဲ့ရကြောင်း မစ်လာက ပြောပါတယ်။
အဇာရီးယားဟာ ဒဏ်ရာရရှိထားပြီး မလှုပ်မရှားနိုင်တဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၁၈ လ ချမှတ်ခံခဲ့ရတာမှာ ၉ လ ကျခံခဲ့ပြီးနောက် လွတ်မြောက်လာခဲ့ပါတယ်။
မေလတုန်းက ဝါရှင်တန်ဟာ အစ္စရေးရဲ့ လုံခြုံရေးတပ်ဖွဲ့ ၅ ခုမှာ အလုံးစုံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိကြောင်း တွေ့ရှိခဲ့ပြီးနောက်မှာ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်မှု အစီအမံကို လုပ်ဆောင်ခဲ့တာပါ။
ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ နိုင်ငံခြားလုံခြုံရေးတပ်ဖွဲ့တွေကို စစ်ရေးအကူအညီတွေ ပေးခြင်းမှ တားမြစ်ထားတဲ့ အမေရိကန်ရဲ့ လယ်ဟီဥပဒေအရ ဖြစ်ပြီး အဲဒီလုံခြုံရေးတပ်ဖွဲ့တွေထဲက ၄ ခုနဲ့ ပတ်သက်ပြီး အစ္စရေးက ပြန်လည်ပြင်ဆင်တာကို လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပတေးလ်က သတင်းထောက်တွေကို အဲဒီအချိန်က ပြောကြားခဲ့ပါတယ်။
ပြန်လည်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ် ဆိုပေမဲ့ အဇာရီးယားရဲ့အမှုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြောင်း တွေ့ရှိရရင်တော့ အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ရမှာပဲလို့ မစ်လာက ပြောကြားခဲ့ပါတယ်။
Source-Reuters