ထိုင်ဝမ်ကျွန်းကို ဝါရှင်တန်က လက်နက်ရောင်းချတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့အတူ စတင်တော့မယ့် နျူးကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲတွေကို ရပ်တန့်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
၂ နိုင်ငံဆက်ဆံရေးမှာ တခြားစိန်ခေါ်မှုတွေ ရှိနေချိန်မှာ လက်နက်ထိန်းချုပ်မှု ဆွေးနွေးညှိနှိုင်းမှုကို ရှေ့ဆက်မလုပ်နိုင်ကြောင်း အခိုင်အမာ ပြောကြားပြီးတော့ တရုတ်ဟာ ရုရှားရဲ့ ဦးဆောင်မှုနောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက ပြောကြားခဲ့ပါတယ်။
ဒီချဉ်းကပ်မှုဟာ တည်ငြိမ်မှုကို အားနည်းစေပြီး လက်နက်ပြိုင်ဆိုင်မှု လမ်းကြောင်းကို တိုးပွားစေတယ်လို့ ထင်မြင်ကြောင်းလည်း သူကဆိုပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေရဲ့ ကာကွယ်ရေးကို အားဖြည့်ဖို့ ကြိုးပမ်းခဲ့ပြီးတော့ သူတို့တွေရဲ့ လုံခြုံရေးအတွက် တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ဒီကြိုးပမ်းအားထုတ်မှုတွေကို ဆက်လုပ်သွားမှာပါလို့လည်း မစ်လာက ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ် အရာရှိတွေဟာ နျူးကလီးယားလက်နက် ဆွေးနွေးပွဲတွေကို နိုဝင်ဘာလမှာ ပြန်လည်စတင်ခဲ့ပေမဲ့ တရုတ်ရဲ့ မြန်ဆန်တဲ့ နျူးကလီးယားလက်နက်တွေ တည်ဆောက်ဖွံ့ဖြိုးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်က စိုးရိမ်ပူပန်နေတာဖြစ်ပြီး ပုံမှန်လက်နက်ထိန်းချုပ်ရေး ညှိနှိုင်းမှုတွေကို မကြာခင် ဘယ်အချိန်မှာ ပြန်လုပ်မယ်ဆိုတာ မသေချာသေးပါဘူး။
Source-Reuters