တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ကုန်တိုက်တခုမှာ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇီဂွန်းမြို့ရှိ နည်းပညာမြင့်နယ်မြေဇုန်ရှိ ၁၄ ထပ် အဆောက်အအုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနီးတဝိုက်မှာလည်း မီးခိုးတွေ ထူထူထပ်ထပ် ဖုံးလွှမ်းသွားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းကို ညလုံးပေါက် ဆောင်ရွက်နေပြီး ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီအချိန်မှ ပြီးဆုံးသွားခဲ့ကြောင်း CCTV ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ကနဦးစစ်ဆေးချက်တွေအရ မီးလောင်မှုဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို တိတိကျကျ သိရှိနိုင်ဖို့ ဆက်လက် စုံစမ်းနေကြပါတယ်။
Source-Reuters