Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင်း ဗီဇာမလိုဘဲ လာရောက်နိုင်မည့် ဝင်ပေါက် ၃ ခု တိုးချဲ့ခွင့်ပြု
DVB
·
July 16, 2024
Photo - Reuters

တရုတ်နိုင်ငံဟာ ၁၄၄ နာရီကြာမယ့် ပြည်ဝင်ခွင့်မလိုဘဲ ခရီးတထောက်နားခွင့် မူဝါဒကို နောက်ထပ် ဝင်ပေါက် ၃ ခုအတွက် တိုးချဲ့ခွင့်ပြုလိုက်ပြီဖြစ်လို့ ဒီမူဝါဒ သက်ရောက်ကျင့်သုံးမယ့် ဝင်ပေါက် စုစုပေါင်း ၃၇ ခုရှိသွားပြီလို့ တရုတ်နိုင်ငံလုံးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး စီမံရေးရုံး (NIA) က ကြေညာလိုက်ပါတယ်။

အသစ်တိုးချဲ့လိုက်တဲ့ ဝင်ပေါက် ၃ ခုက တရုတ်အလယ်ပိုင်း ဟီနန်ပြည်နယ် ကျန်းကျိုး စင်းကျန်း နိုင်ငံတကာလေဆိပ်၊ ယူနန်ပြည်နယ် လီကျန်းစန်းယီ နိုင်ငံတကာလေဆိပ်နဲ့ မိုဟန်ဘူတာတို့ ဖြစ်တယ်လို့ NIA က ကြေညာချက် ထုတ်ပြန်ပါတယ်။

တနင်္လာနေ့ကစပြီး နိုင်ငံခြားသားတွေဟာ တရုတ်နိုင်ငံကို အဲဒီဝင်ပေါက်တွေကနေတဆင့် ဝင်လာရင် ပြည်ဝင်ခွင့်ဗီဇာ မလိုပေမဲ့ ဝင်လာတဲ့ ပြည်နယ်ထဲမှာသာနေဖို့ ကန့်သတ်ထားပါတယ်။

ယူနန်ပြည်နယ်ထဲကိုလာတဲ့ နိုင်ငံခြားသားတွေအတွက် အရင်က ကူမင်းမြို့တော် တမြို့မှာသာ နေဖို့ ခွင့်ပြုထားပေမဲ့ ခုတော့ ကူမင်း၊ လီကျန်း၊ တာ့လီနဲ့ ရှီရွှမ်ဘန်းနတို့လို မြို့ ဒါမှမဟုတ် ခရိုင်အဆင့် နယ်မြေ ၉ ခုကို သွားရောက်လည်ပတ်နိုင်မှာပါ။

လောလောဆယ် အမေရိကန်၊ ကနေဒါ၊ ဗြိတိန် အပါအဝင် ၅၄ နိုင်ငံက နိုင်ငံခြားသားတွေဟာ ၁၄၄ နာရီကြာ ပြည်ဝင်ခွင့် ကင်းလွတ်မူဝါဒအတွက် ဘောင်ဝင်နေပြီး ခရီးသွားဖို့နဲ့ စီးပွားရေးဆိုင်ရာ အလည်အပတ် ခရီးစဉ်တွေလို ကာလတို အလည်အပတ် ရည်ရွယ်ချက်အတွက် ခွင့်ပြုထားပါတယ်။

ဒီမူဝါဒဟာ တရုတ်နဲ့ တခြားနိုင်ငံတွေကြား ပြည်သူချင်းဖလှယ်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖလှယ်ရေး တိုးမြှင့်ဖို့ အဆင့်မြင့် လမ်းဖွင့်ပေးရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါနေတယ်လို့ NIA က ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013