မြန်မာပြည်တွင်းမှာ အခုနှစ် အာလူးအထွက်နှုန်း လျော့ကျတဲ့အပြင် တဖက်မှာလည်း ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားရတာကြောင့် တရုတ်နိုင်ငံဘက်ကနေ ပုံမှန် ဝယ်ယူတင်သွင်းနေတဲ့ အာလူးတွေ ပြည်တွင်းကို အဝင်လျော့နည်းခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ပြီး ကုန်စည်စီးဆင်းမှု အခက်အခဲတွေ ဖြစ်ပေါ်နေသလို အခုနှစ် အာလူးစိုက်ရာသီမှာလည်း အပူချိန် မြင့်တက်ခဲ့တဲ့အတွက် အာလူးအထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ အာလူးစိုက် တောင်သူတွေထံက သိရပါတယ်။
ဒါ့အပြင် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ ကြီးမြင့်နေတာကလည်း အာလူးဈေးအပေါ် သက်ရောက်နေတယ်လို့ သီးနှံကုန်သည်တွေက ဆိုပါတယ်။
အာလူးကုန်သည်တဦးက “လတ်တလော ပြည်တွင်းအာလူးလည်း ဈေးကွက်ထဲ အဝင်နည်းတယ်။ တရုတ်အာလူးကလည်း အဝင်နည်းနေတယ်။ ဒါကြောင့် အာလူးဈေး ကောင်းနေတာ။ နောက်ပြီး အာလူးကို တရုတ်နိုင်ငံက တင်သွင်းတာက လမ်းခရီး အခက်အခဲရှိပြီး အချိန်ကြန့်ကြာတော့ နည်းနည်း စရိတ်စကလည်း မြင့်တယ်” လို့ ပြောပါတယ်။
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်မှာ ဒီကနေ့ ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးဒေသထွက် အာလူးတပိဿာကို အမြင့်ဆုံးစျေး ၃,၅၀၀ ကျပ်၊ တရုတ်အာလူးက တပိဿာကို အမြင့်ဆုံးစျေး ၄,၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ သီတင်းနှစ်ပတ် အတွင်းမှာ အာလူးအမျိုးအစားအလိုက် တပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ်အကြား ဈေးမြင့်လာပါတယ်။
ရန်ကုန် လက်လီဈေးကွက်မှာတော့ တပိဿာကို အမြင့်ဆုံးဈေး ကျပ် ၅,၀၀၀ နဲ့ ရောင်းချနေကြပါတယ်။
မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာသီးနှံ အာလူးကို တောင်ပေါ်၊ မြေပြန့် တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်မှာ ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးပါတယ်။ ဒါပေမဲ့ အာလူးစိုက်ပျိုးမှု ပမာဏကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ တနှစ်ထက်တနှစ် လျော့နည်းကျဆင်းလာတယ်လို့ သိရပါတယ်။