ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ တရားစွဲဆိုထားတဲ့အမှုအတွက် ကျွန်းနိုင်ငံငယ်လေးတခုဖြစ်တဲ့ မော်လဒိုက်နိုင်ငံကို ကြားဝင်ဆောင်ရွက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
မော်လဒိုက်ရဲ့ ကြားဝင်စွက်ဖက်မှု ကြေညာစာတမ်းကို မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားခဲ့ပေမဲ့ ICJ က လက်ခံကြောင်း အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
မော်လ်ဒိုက်အစိုးရကတော့ ရိုဟင်ဂျာမူဆလင်တွေအတွက် တရားမျှတမှုရရှိရေး နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားမျှတမှု ရှာဖွေရာမှာ ပါဝင်ကူညီဖို့နဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်တွေကို ပံ့ပိုးကူညီဖို့အတွက် ခိုင်မာစွာရပ်တည်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ပထမ အကြိမ်ကြားနာစစ်ဆေးမှုမှာတော့ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ကိုယ်တိုင်သွားရောက် ဦးဆောင်ခုခံ ချေပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေကို "ဘက်လိုက်မှုနဲ့ ချို့ယွင်းချက်" အဖြစ် ငြင်းဆိုထားသလို ဒီဖြိုခွင်းမှုက ရိုဟင်ဂျာ သူပုန်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ ခုခံငြင်းဆိုခဲ့ပေမဲ့ ဒီကန့်ကွက်ချက်ကို ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ကတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးလုပ်ခဲ့ချိန်မှာ ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာစစ်တပ်က သေနတ်နဲ့ ပစ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ သေတဲ့အထိ ရိုက်နှက်တာတွေ၊ ရေနှစ်သတ်တာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာတွေ လုပ်ခဲ့ကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၈ သိန်းခန့်ရဲ့ တဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ပြောထားပြီး ဒီကိစ္စဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက်ရှိတယ်လို့ ကောက်ချက်ဆွဲထားတာပါ။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကတော့ အခုလဆန်းပိုင်းမှာ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ တရားစွဲဆိုထားတဲ့အမှုအတွက် ကနေဒါ၊ ပြင်သစ် တို့အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ကြားဝင်ဆောင်ရွက်ခွင့်ပြု လိုက်ကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။