ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဧရာဝတီတိုင်း ဇလွန်မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေ ယာယီ ပိတ်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီမြစ်ရေ တိုးလာပြီး စာသင်ကျောင်းတွေထဲကို ရေတွေဝင်ရောက်လာတဲ့အတွက် ဇူလိုင် ၁၅ ရက်ကနေ စတင်ကာ ဇူလိုင် ၁၈ ရက်အထိ ကျောင်းတွေ ယာယီပိတ်ခဲ့တာ ဖြစ်ပါတယ်။
ပညာရေးပိုင်းနဲ့ နီးစပ်တဲ့ ဇလွန်ဒေသခံတဦးက "မြစ်ရေက စနေနေ့ကတည်းက စတက်တာ။ ကျောင်းထဲတွေပါ ရေတွေက ဝင်လာပြီဆိုတော့ ကျောင်းတွေတက်မရတော့ဘူး။ အဲ့လို အခြေအနေကြောင့် ဆရာ ဆရာမတွေက မြို့နယ်ပညာရေးမှူးရုံးကို တင်ပြပြီး ကျောင်းသုံးရက် ပိတ်လိုက်ရတယ်။ ရေမကျဘူးဆိုရင်တော့ ကျောင်းပိတ်ရက် ထပ်တိုးရမှာ "လို့ ပြောပါတယ်။
မြစ်ရေကြီးလာတဲ့အတွက် ငှက်ပျောတောကျေးရွာ၊ မူလတန်းလွန်ကျောင်း၊ ကျွန်းသာယာကျေးရွာ၊ မူလတန်းလွန်ကျောင်းနဲ့ ရွှေကျွန်းသာကျေးရွာ မူလတန်းလွန် ကျောင်းတွေကို ဇူလိုင် ၁၅ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ၃ ရက်လောက် ပိတ်ထားရပါတယ်။
ဇူလိုင် လဆန်းပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်ရေ တိုးမြင့်လာခဲ့တဲ့အတွက် မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့တွေရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။