Home
မြန်မာသတင်း
လားရှိုးနှင့်မိုးကုတ်တွင် လက်နက်ကြီးများကျရောက်သဖြင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
July 13, 2024
Photo Crd-ဒေသခံ
Photo Crd-ဒေသခံ
Photo Crd-ဒေသခံ

လားရှိုးမြို့ထဲ ဇူလိုင် ၁၃ ရက်နေ့ မနက် ၉ နာရီလောက် စစ်ကောင်စီနဲ့ MNDAA တို့ အပြန်အလျန် ပစ်ခတ်တဲ့ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးတွေ နေရာအနှံ့ ဆက်တိုက်ကျနေပြီး ထိခိုက်မှု တွေရှိကြောင်း ဒေသခံတဦးက ပြောပါတယ်။

“အခု ရပ်ကွက် (၁) ဘက်မှာ ၃ လုံးကျတယ်။ ကျောင်း ပတ်ချာလည်မှာပဲ။” 

လားရှိုးမြို့ ရပ်ကွက် ၁ ဗျူဟာလမ်းနဲ့ တက္ကသိုလ်အနီးဝန်းကျင်မှာ လက်နက်ကြီးတွေ ကျရောက်နေတာလို့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။

“ဒီနေ့ မနက် ၉ နာရီ ခွဲကျော် လောက်ကစ လက်နက်ကြီးတွေ စကျလာနေပြီ။”   

အေတီတံတား အနီးပတ်ဝန်းကျင်မှာလည်း ဒီနေ့ မနက် မနက်ဈေး သွားရောင်းသူ ဈေးသည် ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့အပြင် သေဆုံးသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြို့ပြင်ဘက်ကနေ MNDAA ပူးပေါင်းတပ်ဖွဲ့တွေက မြို့ထဲ စစ်ကောင်စီတပ်စခန်းတွေဘက် ပစ်ထည့်နေပြီး စစ်ကောင်စီတပ်စခန်းတွေကနေလည်း မြို့စွန်ဘက်၊ မြို့ပြင်ဘက် လက်နက်ကြီး ပစ်ခတ်နေကြရာက လက်နက်ကြီးတွေ ဦးတည်ရာ မရောက်ဘဲ မြို့ထဲ ရပ်ကွက်တွေမှာ ကျရောက်ထိမှန်ကုန်တာလို့ ဒေသခံက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်‌ကလည်း လားရှိုးမြို့အနီး ဟိုပိတ်ရွာနဲ့ ရပ်ကွက် ၄ ရှိ အမက ၉ ကျောင်းနားက နေအိမ်ပေါ် လက်နက်ကြီးကျ မီးလောင်ခဲ့သလို အ.ထ.က ၁ အနောက် ရက်ကွက် ၁ နယ်‌မြေ ၅ နဲ့ ရပ်ကွက် ၁၀ ဘက်မှာ လက်နက်ကြီးကျတာကြောင့် အရပ်သား ၄ ဦး သေဆုံးကာ သိန္နီဘက်မှာလည်း လေကြောင်းကနေ ဗုံးကြဲခံရတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ကစ ဇူလိုင် ၁၃ ရက်နေ့ မနက်အထိ လားရှိုးမြို့ထဲ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ပြည်သူ ၂၇ ဦးထက် မနည်းသေဆုံး၊ ၄၀ ဦးလောက်‌ဒဏ်ရာရရှိပြီး နေအိမ်၊ ဆိုင်ခန်း၊ အဆောက်အဦတွေ အများအပြား ထိခိုက် ပျက်စီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း ဇူလိုင် ၁၂ ရက်နေ့ ညနေကစပြီး မင်းတံ​တားရပ်ကွက်နားမှာ နှစ်ဖက် ပစ်ခတ်သံတွေကြားရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်ပေါ် ပစ်ခတ်ခဲ့တာကြောင့် ဒီးဒုတ်လျှိုရပ်ကွက်က ပြည်သူ ၁ ယောက် လက်နက်ကြီးအစမှန်ပြီး ​​သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မင်းတံတားရပ်ကွက်၊ နယ်မြေ ၁၀ မှာ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက နှစ်ဖက်ပစ်ခတ်မှု​ဖြစ်ခဲ့ပြီး စစ်တပ်က ည ၉ နာရီအထိ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “လက်နက်ကြီးတွေ၊ ဟောင်ဝစ်ဇာတွေနဲ့ပစ်တာ။ အိမ်တောင်တုန်တယ်။ ရပ်ကွက်တော်တော်များများပေါ်ကျတယ်။ အကုန်ဝပ်နေရတာ။ ထိတဲ့သူတွေလည်း ရှိတယ်ကြားတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက မင်းတံတားရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ထင်းရှူးခြံရပ်ကွက်၊ ဒီးဒုတ်လျှိုရပ်ကွက်က နေအိမ်တွေအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး မင်းတံတားရပ်ကွက်က ဒေသခံပြည်သူတွေကတော့ မြို့အရှေ့ပိုင်းက တခြားရပ်ကွက်တွေမှာ ရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းကို ဇွန် ၃၀ ရက်​နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်နိုင်ခဲ့ပေမယ့် မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ စစ်တပ်အထိုင်စခန်းတွေရှိနေပြီး TNLA ဘက်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013