Home
မြန်မာသတင်း
ပြည်သူ့လိုလားချက်နှင့်ကိုက်ညီသည့် မူဝါဒကိုပြောင်းရန် ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ တောင်းဆို
DVB
·
July 13, 2024

တရုတ်အစိုးရအနေနဲ့ ပြည်သူ့လိုလားချက်နဲ့ကိုက်ညီတဲ့ မူဝါဒကိုပြောင်းလဲကျင့်သုံးဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ 

တရုတ်အစိုးရက မြန်မာနိုင်ငံတွင်းစီမံကိန်းတွေကို ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာ၊ ရွေးကောက်ပွဲပြန်လုပ်ပြီး ၂၀၀၈ လမ်းကြောင်းပေါ်မြန်မာ့နိုင်ငံရေးကို ပြန်တင်ဖို့ကြိုးစားနေတာ၊ တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးပွဲတွေပေါ်လာဖို့ ကြိုးစားနေတာ၊ အခုနောက်ဆုံး စစ်ကောင်စီကိုကျော်လွန်ပြီး ဦးသိန်းစိန်ကို နေရာပေးဆက်ဆံနေတာတွေကို ကန့်ကွက်ကြောင်း ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက်နေ့မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့တာပါ။ 

ဇူလိုင်လဆန်းမှာ စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း တရုတ်နိုင်ငံမှာပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ 

စစ်ကောင်စီနဲ့ အာဏာရှင်ဟောင်းတွေကို တရုတ်အစိုးရက အသိအမှတ်ပြုဆက်ဆံနေတာဟာ မြန်မာပြည်သူတွေရဲ့လိုလားချက်ကို မျက်ကွယ်ပြုတဲ့သဘော သက်ရောက်နေတာလို့ Anti Dictatorship in Burma အဖွဲ့က ပြောပါတယ်။

ကိုရင်အေး(Anti Dictatorship in Burma - DC Metro Area) က “တရုတ်အနေနဲ့ ပြည်သူတွေ ဘာလိုချင်သလဲဆိုတာမကြည့်ဘဲနဲ့ ကိုယ်ဘာလိုချင်ဆိုတာပဲဇောင်းတင်ပြီးတော့ တွန်းမယ်ဆိုရင်တော့ လုံးဝအမှားကြီးမှားလိမ့်မယ်။ တချိန်တုန်းကတော့ အာဏာရှင် အဆက်ဆက်ကို တရုတ်က ကျားကန်ပေးပြီးတော့ အသက်ဆက်ပေးပြီးတော့မှ သူတို့လိုချင်တာ ရဖို့အတွက် အာဏာရှင်ကို ရုပ်သေးအနေနဲ့ထားပြီးတော့ ကြိုးဆွဲခဲ့ကြတာပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အပြောင်းအလဲကဖြစ်လာခဲ့ပြီ နောက်ဆုံး ၂၀၁၀ကနေ ၂၀၁၅ မှာ လူထုရွေးကောက်တင်မြှောက်တဲ့ အစိုးရဖြစ်လာတယ်။ အဲ့ဒီကနေတဆင့် ပြည်သူလူထု မလိုလားတဲ့ မတရားတဲ့ စီးပွားရေးတွေကိုရပ်တန့်ပစ်ဖို့ မြစ်ဆုံလိုဟာမျိုးတွေ ရပ်တန့်ပစ်ဖို့ ဖြစ်လာတယ်။ ဒါမျိုးတွေကို တရုတ်အနေနဲ့ကြောက်တယ်။ ကြောက်တဲ့အတွက်ကြောင့် သူ့ရဲ့အရင်နည်းအတိုင်းပဲ မြန်မာပြည်မှာ အာဏာရှင်ကိုချုပ်ကိုင်ထားပြီးတော့မှ ဒီအာဏာရှင်ကို အကျိုးစီးပွားတွေပေး ကိုယ်ကျိုးရှာခိုင်းပြီးတော့မှ သူတို့လိုချင်တဲ့ပုံစံမျိုး လုပ်မယ်ဆိုတာမျိုးသွားနေတာ၊ ဒါမျိုးကို ဆက်သွားလို့မရတော့ဘူးဆိုတာ ကောင်းကောင်းသဘောပေါက်ဖို့ လိုတယ်။ ပြောင်းလဲလာတဲ့ ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေအပေါ်မှာ တရုတ်အနေနဲ့ လိုက်လျောညီထွေတဲ့ ပေါ်လစီကိုပြောင်းဖို့လိုပါလိမ့်မယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရေးမူ ၅ ချက်(ဘန်ဒေါင်းမူ ၅ ချက်) ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို တရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်တက်ရောက်ခဲ့တာပါ။ 

ဇွန် ၂၈ ရက် အခမ်းအနားနေ့မှာ တရုတ်သမ္မတရှီကျင်းဖျင်က ဦးသိန်းစိန်ကို နေရာပေးဆက်ဆံမှု ပြုလုပ်ခဲ့သလို ဇွန် ၂၉ ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ဆုံပြီးနောက်မှာလည်း ဝမ်ယိက ဦးသိန်းစိန်နဲ့တွေ့ဆုံမှုကို မိတ်ဆွေဟောင်းနဲ့တွေ့ဆုံမှုလို့ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မနီနီဝေက “PDF ကလေးတွေ စစ်ဘေးရှောင်တွေ လုံးဝစိတ်ဓာတ်မကျပါနဲ့။ ကျမတို့ တတ်နိုင်သလောက် အစွမ်းကုန်ထောက်ပံ့ပါ့မယ်။ ကြိုးစားပါ့မယ်။ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်ပါမယ်။ ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ရှေ့ကိုဆက်လက်ချီတက်ပြီးတော့ အားသွန်ခွန်စိုက် ကျမတို့တိုက်ပွဲဝင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ အာဏာရှင်ဟောင်း ဦးသန်းရွှေ စီစဉ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရပ်သားတပိုင်း နိုင်ငံရေးအကူးအပြောင်းမှာ  သမ္မတအဖြစ် ပထမဆုံးတာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူ့လက်ထက်မှာ တရုတ်အစိုးရလိုချင်တဲ့ မြန်မာနိုင်ငံတွင်းက မြစ်ဆုံ၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ကျောက်ဖြူ စီမံကိန်းတွေအပါအဝင် တရုတ်အစိုးရရဲ့ စီပွားရေးလုပ်ငန်းတွေကို လက်မှတ်ထိုးသဘောတူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာလွှဲပြောင်းရယူရာမှာလည်းတည်တည်ငြိမ်ငြိမ်လက်ဆင့်မ်းခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိစစ်ခေါင်းဆောင်ထက် ပိုတည်ငြိမ်ပြီး သူတို့အလိုကိုလိုက်တဲ့ ဦးသိန်းစိန်ကို ပြန်ဆွဲတင်နိုင်ဖို့ တရုတ်နိုင်ငံက စဉ်းစားတာလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

သုတချမ်းသာ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013