ရခိုင်ပြည်နယ်၊ သံတွဲမြို့က အကျဉ်းထောင်ကို ဇူလိုင် ၁၂ ရက် မနေ့က လက်နက်ကြီးကျလို့ အကျဉ်းသူ ၂ ယောက် သေဆုံးပြီး နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေသူတွေကို စစ်တပ်က လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲမြို့မှာ စစ်ကောင်စီတပ်တွေက အကျဉ်းထောင်ထဲမှာ နေရာယူထားပြီး ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ထောင်ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပါ။
လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတယောက်က “မနက်ကတည်းက နိုင်ငံရေးမှုနဲ့ကျနေသူတွေကို စာရင်းတွေယူတယ်။ ဘာလုပ်မယ်ဆိုတာတော့ မသိရဘူး။ နေ့လယ်ပိုင်းမှာ လက်နက်ကြီးက အမျိုးသမီးဆောင်အပေါ်ထပ်ကိုကျတယ်။ အပေါ်က ပြိုကျပြီး အောက်မှာလည်း ပိကြတယ်။ စစ်သားတွေက လာပြီး ဆွဲထုတ်ပေးတယ်။ အဲဒီမှာ သေသွားတဲ့ ၂ ယောက်ကိုလည်း ဆွဲထုတ်ပြီး ထောင်အပြင်ဘက်ကို ထုတ်ပေးထားတယ်။ ထောင်နံရံလည်း ပြိုသလိုဖြစ်သွားတော့ တချို့ ထွက်ပြေးကြတယ်လို့ သိရတယ်။ ရှုပ်နေတော့ သေချာတော့ မသိဘူးပေါ့။ ညနေမှာ နိုင်ငံရေးမှုနဲ့ကျနေတဲ့ ယောကျ်ားလေးတွေကို အရင် လွှတ်ပေးတယ်။ ပြီးတော့ မိန်းကလေးတွေကို လွှတ်ပေးတယ်” လို့ ပြောပါတယ်။
လတ်တလော သိရသလောက်တော့ AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားသူတွေ မပါဘဲ နိုင်ငံရေးလှုပ်ရှားမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသူတွေကို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
သေဆုံးသူ အမျိုးသမီး ၂ ယောက်ရဲ့အလောင်းတွေကတော့ သူတို့လွတ်မြောက်လာတဲ့အထိ ထောင်အပြင်မှာရှိနေသေးတယ်လို့ လွတ်မြောက်လာသူတယောက်ဆီက သိရပါတယ်။
ဆက်သွယ်ရခက်ခဲတဲ့အတွက် လွတ်မြောက်လာသူအတိအကျကို မသိရသေးသလို ထောင်တွင်း အခြေအနေကိုလည်း မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ အကျဉ်းထောင်တွင်းနဲ့ ဘေးနားက လျှပ်စစ်ရုံးမှာ ရှိနေပြီး လက်နက်ကြီးကို လျှပ်စစ်ရုံးထဲမှာ အထိုင်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ်၊ ငပလီကမ်းခြေမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၅၅ နဲ့ ခမရ ၅၆၆ တို့ကို သိမ်းပိုက်လိုက်ပြီလို့ AA က ထုတ်ပြန်ထားတာကြောင့် မောင်ရွှေလေးရွာမှာရှိနေတဲ့ ရေတပ်စခန်းတခုပဲ ကျန်တော့တာဖြစ်ပါတယ်။