ရန်ကုန်မြစ်အတွင်း ဇူလိုင် ၁၀ ရက်က ဖြစ်ခဲ့တဲ့ သမ္ဗာန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူအချို့ရဲ့ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေးရပ်ကွက်၊ ရန်ကုန်မြစ်အတွင်း၊ ဗားကရားဆိပ်ကမ်းမှ ရေမိုင် ၅ ဖာလုံခန့်အကွာမှာ ဖြစ်ပွားခဲ့သော သမ္ဗာန်တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသူအချို့ကို သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုရှာဖွေခဲ့ရာ ဇူလိုင် ၁၂ ရက်ည ၉ နာရီ ၄၅ မိနစ်က ၂၁ နှစ်အရွယ် ကျားတဦးရဲ့ ရုပ်အလောင်းကို သီလဝါဆိပ်ကမ်းအနီးသောင်ပြင်မှာတွေ့ရှိသလို၊ ဒီနေ့မနက် ၆ နာရီခွဲမှာ အသက် ၂၀ အရွယ် မတဦးရဲ့ ရုပ်အလောင်းကို ပန်းဆိုးတန်းတံတားအနီးမှာတွေ့ရှိခဲ့ပြီး မနက်၇ မှာ အမည်မသိ (ရုပ်အလောင်း) ကို ငါးစင်သမ္ဗာန်ဆိပ်ကမ်းအနီးမှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီရုပ်အလောင်းတွေကို ပရဟိတအသင်း ယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင် ဇူလိုင် ၁၂ ရက်ကလည်း သမ္ဗာန်နစ်မြုပ်ရာက ပျောက်ဆုံးနေသူ ၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကနဦးထုတ်ပြန်ထားပါတယ်။
စျေးကလေးရပ်ကွက်မှာ နေထိုင်သူတဦးက “ပျောက်ဆုံးနေတဲ့အထဲမှာ အမျိုးသမီးတယောက်ကျန်နေသေးတယ်လို့ ပြောတယ်။ ပြန်တွေ့တဲ့အလောင်းတလောင်းက အခင်းဖြစ်တဲ့အထဲ ပါတဲ့သူမဟုတ်ဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁၀ ရက်က တိမ်းမှောက်တဲ့သမ္ဗာန်ပေါ်မှာ ခရီးသည် ၁၇ ဦးလိုက်ပါခဲ့ပြီး ၉ ဦးကို အားချင်းကယ်တင်နိုင်ခဲ့ကာ ၈ ဦးပျောက်ဆုံးခဲ့တာလို့ ကနဦးထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သမ္ဗာန်တိမ်းမှောက်လို့ သေဆုံးခဲ့ရတဲ့အထဲမှာ ကျောင်းသားကလေးငယ်တွေပါဝင်ခဲ့ပြီး ရန်ကုန်မြစ်အတွင်း မောင်းနှင်အသုံးပြုနေတဲ့ သမ္ဗာန်တွေမှာ အသက်ကယ်အင်္ကျီအသုံးပြုမှု အားနည်းတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။