ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတဲ့ ဒေသခံ ၃ ယောက်ကို တယောက်ငွေကျပ် ၅ သိန်းတောင်း၊ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ဒုတိယအပတ်က ငရုတ်ကောင်းမြို့၊ ဆင်ငံကျေးရွာက ဒေသခံ ၃ ယောက်ကို တော်လှန်းရေးတပ် PDF တွေနဲ့ အဆက်သွယ်ရှိပြီး ပတ်သက်နေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “မနေ့ ၁၂ ရက်က ပြန်လွှတ်ပေးတာ။ တယောက် ၅ သိန်းပေးရတာ ဟုတ်တယ်။ စွပ်စွဲအဖမ်းခံရတာ။ PDF တွေနဲ့ နောက်နောင်မပတ်သက်ပါဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်လည်း ထိုးပေးရသေးတယ်” လို့ ပြောပါတယ်။
အဲဒီ ဒေသခံ ၃ ယောက်ဟာ အုန်းပင်တက်အငှားလိုက်ကြသူတွေဖြစ်ပြီး ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်တာကြောင့် ငွေကိုခက်ခက်ခဲခဲရှာပေးခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အားလုံး တရက်တည်းအဖမ်းခံရတာ။ ဘိုဘိုဆိုတဲ့ ကောင်လေးအပါအဝင် ၃ ယောက်ပါ။ အဖမ်းခံရသူအားလုံး ဆင်ငံကျေးရွာကပဲ။ အဖမ်းခံရသူတွေကို တယောက်ကို ၅ သိန်း တောင်းတာ။ အုန်းပင်အငှားတက်တဲ့လုပ်ငန်း လုပ်ကြတဲ့ လူငယ်တွေပါ။ သူတို့အတွက်ငွေကျပ် ၅ သိန်းက ခက်ခဲတာပေါ့” လို့ ပြောပါတယ်။၊
သူတို့တွေဟာ PDF နဲ့ ပတ်သက်တယ်လို့ အုပ်ချုပ်ရေးမှူးက သတင်းပေးတာကြောင့် စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပြီး ဖမ်းဆီးသွားတဲ့ ကာလအတွင်း သူတို့ ၃ ယောက်ကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။