အမေ့လျော့ခံ အိုဟိုင်းယိုး စက်မှုမြို့လေးတမြို့ရဲ့ မြို့သားတယောက်အနေနဲ့ သူသာ အရွေးကောက်ခံရရင် အလုပ်သမားလူတန်းစားအတွက် တိုက်ပွဲဝင်သွားမယ်လို့ ရီပတ်ဘလီကန် ဒုတိယသမ္မတလောင်း ဂျေဒီဗန့်စ်က ပြောကြားလိုက်ပါတယ်။
မာလ်ဝါးကီးမှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဒုတိသမ္မတလောင်းအဖြစ် အဆိုပြုမှုကို တရားဝင်လက်ခံတဲ့ မိန်းခွန်းပြောကြားရာမှာ အသက် ၃၉ နှစ်အရွယ် ဗန့်စ်က အခုလို ထည့်ပြောသွားတာပါ။
မိခင်က ဆေးစွဲ၊ ဖခင်က စွန့်ပစ်သွားလို့ အဘိုးအဘွားလက်မှာ ကြီးပြင်းခဲ့ရတဲ့ ခက်ခဲတဲ့ ကလေးဘဝကနေ အမေရိကန်မရိမ်းတပ်ဖွဲ့၊ ယေးလ်ဥပဒေကျောင်းသား၊ လုပ်ငန်းသစ် ရင်းနှီးမြှုပ်နှံသူ၊ အဲဒီကမှ အမေရိကန်အထက်လွှတ်တော်အမတ် ဖြစ်လာတဲ့ သူ့ဘဝအကြောင်းကို ဗန့်စ်က အကျယ်တဝင့် ပြောသွားခဲ့ပါတယ်။
သူဟာ အောက်ခြေကလာသူ ဖြစ်တဲ့အတွက် နေ့စဉ်ဘဝ အခက်အခဲတွေကို ကောင်းကောင်းကြီး နားလည်တယ်လို့ ပြောသွားပါတယ်။
“ကျနော်က လူတွေ ကိုယ့်စိတ်ထဲရှိသလို ဗွင်းဗွင်းပြောတတ်တဲ့ အိုဟိုင်းယိုးပြည်နယ်၊ မစ်ဒယ်လ်တောင်းမှာ ကြီးပြင်းခဲ့တာပါ” လို့ ဗန့်စ်က ပြောပါတယ်။ ဝါရှင်တန်က အာဏာရ လူတန်းစားတွေရဲ့ အမေ့လျော့ခံနေရာက လာခဲ့တာလို့လည်း ပြောသွားပါတယ်။
သူ့လိုပြည်သူတွေကို သမ္မတဂျိုးဘိုင်ဒင်တို့လို နိုင်ငံရေးနဲ့ အသက်မွေးသူတွေက လျစ်လျူရှုခဲ့ကြပြီး ကောင်းကျိုးမပေးတဲ့ ကုန်သွယ်ရေးမူဝါဒတွေ၊ နိုင်ငံခြားစစ်ပွဲတွေနဲ့ပဲ ဖျက်ဆီးခဲ့ကြတယ်လို့ ဗန့်စ်က စွပ်စွဲခဲ့ပါတယ်။
ထရမ့်ပ်လို ရိုးရှင်းပြီး အားကောင်းတဲ့ အမြင်နဲ့မှ အလုပ်သမား လူတန်းစားတွေအတွက် အလုပ်လုပ်ပေးနိုင်မယ်လို့လည်း ဗန့်စ်က ပြောကြားခဲ့ပါတယ်။
Source-Reuters