ထိုင်ဝမ်အစိုးရဟာ ကာကွယ်ရေးကို မြှင့်တင်ဖို့၊ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ကတိပြုထားတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ထိုင်ဝမ်ကို ခုခံကာကွယ်ပေးသင့်တယ်လို့ ပြောဆိုပြီး ရက်ပိုင်းအတွင်း ခုလို ပြောလိုက်တာပါ။
တရားဝင် သံတမန်ဆက်ဆံရေး ကင်းမဲ့ပေမဲ့ အမေရိကန်ဟာ တရုတ်က သူအပိုင်အဖြစ် အခိုင်အမာ ပြောထားတဲ့ ထိုင်ဝမ်ရဲ့ အရေးအကြီးဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက်ထောက်ပံ့သူပါ။
အမေရိကန်ဟာ ထိုင်ဝမ်ကျွန်းရဲ့ ကာကွယ်ရေးအတွက် နည်းလမ်းတွေကို ပံ့ပိုးပေးဖို့ ဥပဒေနဲ့ ကန့်သတ်ထားပါတယ်။
ထိုင်ဝမ်အစိုးရဟာ ကိုယ်ပိုင်ရေငုပ်သင်္ဘောတွေ တီထွင်ခြင်း အပါအဝင် ကာကွယ်ရေးခေတ်မီဖို့ ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ကျွန်းရဲ့ လုံခြုံရေးဟာ ထိုင်ဝမ်ရဲ့ လက်ထဲမှာ ရှိတယ်လို့ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပါတယ်။
အခုနှစ်အတွက် ထိုင်ဝမ် ကာကွယ်ရေးအသုံးစရိတ်ဟာ GDP ပြည်တွင်းထုတ်ကုန်စုစုပေါင်းရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး သမိုင်းဝင် မြင့်မားတဲ့ပမာဏ ဖြစ်ပါတယ်။
ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်သွားစေဖို့ အင်အားသုံးရေးကို တရုတ်ပြည်မကြီးအစိုးရက ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့ပါဘူး။
ထိုင်ဝမ်ကျွန်းသားတွေသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ပြောခဲ့ပြီး ဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ တရုတ်ပြည်မကြီး အစိုးရက ပယ်ချခဲ့ပါတယ်။
Source-Reuters