မက္ကဆီကိုနိုင်ငံတောင်ပိုင်း ချီယာပက်စ်ပြည်နယ်က အဝေးပြေးလမ်းမကြီးတလျှောက်မှာ ဇူလိုင် ၂၁ ရက်က ရွှေ့ပြောင်းနေထိုင်သူ အယောက် ၁,၀၀၀ ကျော်ဟာ အမေရိကန်နယ်စပ်ဆီ ခရီးစထွက်ခဲ့ပါတယ်။
အဓိကအားဖြင့် ဗဟိုအမေရိကနဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေ ပါတဲ့ ဒီအဖွဲ့ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်တဲ့နေ့မှာ သူတို့ရဲ့ ခရီးစဉ်ကို စတင်ခဲ့တာပါ။
ဇွန်လအစောပိုင်းမှာ ဘိုင်ဒင်ဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ခိုလှုံခွင့်ပိတ်ပင်မှုကို ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ခဲ့တာပါ။
သူ သမ္မတတာဝန် စယူတဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ပျမ်းမျှ နေ့စဉ် ဖမ်းဆီးမှု အယောက် ၂,၅၀၀ ကျော်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ဘေးကင်းရေးနဲ့ ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ရှာနေတဲ့ လက်တင်အမေရိက ရွှေ့ပြောင်းအခြေချသူတွေအတွက် အဓိကနေရာတခုအဖြစ် ရှိနေပါသေးတယ်။
အရင်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နယ်စပ်မှာ တံတိုင်းဆောက်ပြီး ပိုအားကောင်းတဲ့ နယ်စပ်တွေ ဖြစ်အောင်လုပ်မယ်၊ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ်လို့ ကတိပြုထားလို့ ရွှေ့ပြောင်းအခြေချမှု ပြဿနာဟာ ရွေးကောက်ပွဲမတိုင်မီ အရှိန်ရလာခဲ့ပါတယ်။
Source-Reuters