အိုလံပစ်ပြိုင်ပွဲဝင်မယ့် ကစားသမားတွေ နေထိုင်မယ့် ပါရီအိုလံပစ်ရွာကို ကာဗွန်ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်းထက် ပိုနည်းအောင် ဆောက်လုပ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပါရီ ၂၀၂၄ ကိုယ်စားလှယ် ဂျော်ဂျီနာဂရန်နွန်က အိုလံပစ်ကျေးရွာက တည်းခိုခန်းတွေဟာ တစ်စတုရန်းမီတာကို ကာဗွန် ၃၀ ရာခိုင်နှုန်းအထိ ထုတ်လွှတ်မှုနည်းတဲ့ အိမ်ဆောက်ပစ္စည်းတွေနဲ့ တည်ဆောက်ထားပြီး အိမ်နဲ့ တိုက်ခန်းတွေကိုလည်း ကာဗွန်ထုတ်လွှတ်မှု နည်းနည်းနဲ့ ဆောက်လုပ်နိုင်ကြောင်း သက်သေပြခဲ့တယ်လို့ ပြောပါတယ်။
၂၀၂၄ ပါရီအိုလံပစ်ပွဲတော်အတွင်း အားကစားသမားတွေ နေထိုင်အိပ်စက်မယ့် အိုလံပစ်ရွာရှိ အိပ်ရာတချို့ကို ပဲရစ်မြို့က အိုးမဲ့အိမ်မဲ့တွေအတွက် အိမ်ရာပံ့ပိုးပေးတဲ့ ဒေသခံ အသင်းအဖွဲ့တွေကို ပေးမယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
ပါရီအိုလံပစ် ၂၀၂၄ ပွဲစီစဉ်ရေးကော်မတီ ညွှန်ကြားရေးမှူး မာရီဘားဆက်ချ်က ပါရီမြို့တော်ရဲ့ အိုးမဲ့အိမ်မဲ့ အခြေအနေကို ရှုပ်ထွေးမှုအဖြစ် ဖော်ပြခဲ့ပြီး အိုးမဲ့အိမ်မဲ့အဖြစ်ကို ကြုံတွေ့နေရသူတွေအတွက် အဖြေရှာဖို့ အစိုးရနဲ့ ပါရီမြို့အစိုးရတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
ပါရီ ၂၀၂၄ အိုလံပစ်ပွဲဟာ အိုးမဲ့အိမ်မဲ့တွေအတွက် စီမံကိန်းတွေ အများကြီးကို ပံ့ပိုးပေးနေတာပါ။
အိပ်ရာလှူတာအပြင် တခြားပရောဂျက်တွေမှာ အိုးမဲ့အိမ်မဲ့ တဦးချင်းစီ ပိုကောာင်းကောင်း နေနိုင်ဖို့ လူမှုရေးဆိုင်ရာ အားကစားလှုပ်ရှားမှုတွေကိုလည်း အဆိုပြုထားတယ်လို့ ဘားဆက်ချ်က ပြောပါတယ်။
ဇူလိုင် ၂၆ ရက်မှာ စဖွင့် အိုလံပစ်အားကစားပွဲတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲရေး ကြိုးပမ်းချက်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ အိပ်ရာလှူမယ့် ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။
ကြိုးပမ်းချက်တွေထဲမှာ အားကစားသမားတွေကို နေရာပေးတဲ့ အိုလံပစ်ကျေးရွာ ဆောက်လုပ်ရေးလည်း ပါဝင်တာ ဖြစ်ပါတယ်။
Source-Reuters