Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်နေ 
DVB
·
July 22, 2024
Photo - REUTERS/Avi Ohayon

လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတပ်တွေနဲ့ အစ္စရေးတပ်ဖွဲ့တွေကြား နယ်ခြားဖြတ်ကျော် တိုက်ခိုက်နေလို့ ဂိုလန်ကုန်းမြင့်အထက်မှာ မီးခိုးတိမ်တွေ တက်လာတာကို ရိုက်တာ ရုပ်သံမှာ မြင်တွေ့ရပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေပါ အာရုံစိုက်ခဲ့တဲ့ ၉ လကျော်ကြာ ဂါဇာစစ်ပွဲကနေ ကူးစက်လာတဲ့ စစ်မီး အစိတ်အပိုင်းတခုပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက အစ္စရေးကို တိုက်ခိုက်လို့ လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ကျော်ကို ပြန်ပေးဆွဲ ခေါ်သွားပြီးတဲ့နောက်မှာ အစ္စရေးက ဟားမတ်စ်ကို ချေမှုန်းပစ်မယ်လို့ ကတိပြုခဲ့ပါတယ်။

အဲဒီအချိန်ကစတဲ့ အစ္စရေးရဲ့ လက်တုံ့ပြန်ထိုးစစ်မှာ ပါလက်စတိုင်း အနည်းဆုံး ၃၈,၉၈၃ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ဟားမတ်စ်တွေနဲ့ သွေးစည်းကြောင်းပြတဲ့ အနေနဲ့ အီရန် ကျောထောက်နောက်ခံပြုထားတဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေနဲ့ ယီမင်နိုင်ငံထဲက ဟူသီတွေက အစ္စရေးကို တိုက်ခိုက်နေလို့ ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်မားနေပြီး အကြမ်းဖက်မှုတွေ ပြန့်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

ဒီအတောအတွင်း အစ္စရေးစစ်တပ်ဟာ အယ်လ်ထရာအော်သိုဒေါက်လို့လည်းခေါ်တဲ့ ဘာသာရေး အဆုံးအမတွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးတဲ့ ဟာရီဒီဂျူး  ၁,၀၀၀ လောက်ကိုပါ ဇူလိုင် ၂၁ ရက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်လိုက်ပါတယ်။

ဒါဟာ စစ်အင်အားဖြည့်တင်းဖို့ လုပ်ဆောင်တာ ဖြစ်ပေမဲ့ ဘာသာရေးနဲ့ လောကီသီးသန့်သမားတွေအကြား တင်းမာမှု ပိုမြင့်တက်လာစေတဲ့ကိစ္စ ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ရာမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဂျူးကျမ်းစာသင် ကျောင်းသားတွေကို ကင်းလွတ်ခွင့်မပေးသင့်ဘူးလို့ တရားရုံးချုပ်က ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုကင်းလွတ်ခွင့်ပေးတာဟာ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ စထူထောင်ကတည်းက ဆိုပေမဲ့ အဲဒီတုန်းက ဟာရဒီဦးရေက နည်းနည်းလေးပဲ ရှိခဲ့ပါတယ်။

အခု မူဝါဒအပြောင်းအလဲကို နေတန်ယာဟု အစိုးရထဲက ဘာသာရေးပါတီနှစ်ခုက ကန့်ကွက်ထားပြီး လက်ယာယိမ်း ညွန့်ပေါင်းထဲမှာ ပိုပြီး အက်ကြောင်းထင်လာစေခဲ့ပါတယ်။

အင်အားကောင်းလာတဲ့ အာလ်ထရာအော်သိုဒေါက် အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်တွေကတော့ ကျမ်းစာသင်ကျောင်းသားတွေကို လောကီသီးသန့်ဝါဒီ အစ္စရေးသားတွေ၊ အမျိုးသမီးတွေနဲ့အတူ တာဝန်ထမ်းခိုင်းတာဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဂျူးတွေဆိုတဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ဝေဖန်ထားတယ်။

တချို့ တရားဟောဆရာတွေဆိုရင် ဆင့်ခေါ်စာရောက်ရင် မီးရှို့ပစ်ဖို့အထိ တိုက်တွန်းထားပါတယ်။

ဟာရဒီတွေအားလုံးက စစ်မှုထမ်းဖို့ ဆန့်ကျင်နေတာတော့ မဟုတ်ဘဲ လက်ရှိမှာလည်း အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) ထဲမှာ အာလ်ထရာအော်သိုဒေါက်တွေအတွက် တပ်ခွဲတွေ သပ်သပ်လုပ်ပေးထားတာ ရှိပါတယ်။

လက်ရှိ တာဝန်ထမ်းနေတဲ့ ဟာရဒီတချို့ကတော့ ကြားချပြီး အဆင်ပြေအောင်၊ ဘာသာရေးနဲ့ အညီလုပ်ပေးဖို့ တောင်းဆိုနေကြတာလည်း ရှိပါတယ်။

တချို့ အယူပြင်းထန်တဲ့သူတွေကလည်း လုံးဝကို စစ်မှုထမ်းလို့မရဘူးလို့ ငြင်းဆန်နေကြပါတယ်။

ပထမအသုတ်အနေနဲ့ ဟာရဒီ ၃,၀၀၀ လောက်အထိ ဆင့်ခေါ်ဖို့ရှိနေပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013