ယီမင်နိုင်ငံရဲ့ ဟူသီသူပုန်အဖွဲ့ဟာ မြို့တော်တဲလ်အဗစ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်မှာ အစ္စရေးကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဇူလိုင် ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ ယာယျာဆာရီးက အစ္စရေးတွေ သိမ်းပိုက်ထားတဲ့ ဂျက်ဖာဧရိယာမှာ မလုံခြုံတဲ့ နယ်မြေအဖြစ် ကြေညာလိုက်ကြောင်းနဲ့ တဲလ်အဗစ်ဟာ သူတို့လက်နက်တပစ်စာ အကွာအဝေးအတွင်းရှိ အဓိကကျတဲ့ မူလပစ်မှတ်လို့လည်း ပြောသွားပါတယ်။
ဒီစစ်ဆင်ရေးမှာ ရန်သူရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ကျော်လွှားနိုင်ပြီး ရေဒါနဲ့လည်း ထောက်လှမ်းလို့မရနိုင်တဲ့ ဂျက်ဖာ အမည်ရှိ ဒရုန်းလေယာဉ်သစ်ကို အသုံးပြုကာ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တဲလ်အဗစ်ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ဆင်ရေး အသေးစိတ် အချက်အလက်တွေကို X လူမှုမီဒီယာဝက်ဘ်ဆိုက်မှာ ဖော်ပြသွားမှာဖြစ်ကြောင်းလည်း ယာယျာဆာရီးက ပြောဆိုခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်ရဲ့ အကြီးတန်းတပ်မှူးတဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြီး နာရီပိုင်းအကြာမှာပဲ လေကြောင်းရန်သတိပေး အချက်ပြသံလည်း မကြားရတဲ့ ဒရုန်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
သောကြာနေ့အစောပိုင်းက တဲလ်အဗစ်မြို့လယ်မှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ရာမှာ လူတဦးသေဆုံးပြီး တခြား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးစစ်ဘက်နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရာအနီးရှိ တိုက်ခန်းတခုမှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၁၉ ရက် အစောပိုင်းက တဲလ်အဗစ်မြို့လယ်ရှိ အမေရိကန်သံရုံး ဌာနခွဲအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ဒါဇင်နဲ့ချီတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ အရေးပေါ်ယာဉ်တွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။
အစ္စရေးစစ်တပ်က အဲဒီပေါက်ကွဲမှုကို ဒရုန်းတိုက်ခိုက်မှုကြောင့် ဟုတ် မဟုတ် ဆိုတာကို စစ်ဆေးနေကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
Source-Reuters