ဂါဇာကမ်းမြောင် အလယ်ပိုင်းက အယ်လ်နူဆေရတ်စခန်းရှိ စစ်ဘေးရှောင်မိသားစုတွေ ခိုလှုံနေကြတဲ့ ကုလသမဂ္ဂမှ စီမံနေတဲ့ စာသင်ကျောင်းကို အစ္စရေးလေကြောင်းက တိုက်ခိုက်မှုအတွင်း လူ ၂၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဇူလိုင် ၁၆ ရက်မှာ ပြော ပါတယ်။
အစ္စရေးစစ်တပ်က အရပ်သားတွေ အန္တရာယ်လျော့ပါးစေမယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပြီးနောက်မှာ ကုလသမဂ္ဂ အလုပ်အကိုင်နဲ့ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA) ကျောင်းအတွင်းမှ စစ်ဆင်ရေးလုပ်နေတဲ့ “အကြမ်းဖက်သမားများ” အဖွဲ့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကြာသေးခင်လေးကမှ အစ္စရေးမြေပြင်တပ်ဖွဲ့ (IDF)နဲ့ အစ္စရေးလုံခြုံရေးအေဂျင်စီ (ISA) တို့ရဲ့ တိကျတဲ့ ထောက်လှမ်းရေးအချက်တွေပေါ် အခြေခံပြီးမှ အယ်လ်နူဆေရတ်ရှိ UNRWA ကျောင်းတကျောင်းမှာ စစ်ဆင်ရေးလုပ်နေတဲ့ အကြမ်းဖက်သမားတွေကို အစ္စရေးလေတပ် (IAF) က ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ IDF က စုံစမ်းသိရှိရကြောင်းလည်း ဆိုပါတယ်။
ဂါဇာတောင်ပိုင်းရှိ ခန်ယိုးနစ်စ်မြို့မှာလည်း ကားတစီးကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၇ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုဟာ အတ်တာလမ်းရှိ စစ်ဘေးရှောင်မိသားစုတွေ နေထိုင်ရာ ရွက်ဖျင်တဲအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို နက်ဆာဆေးရုံကို ဝိုင်းဝန်းပို့ဆောင်ပေးထားကြပြီး လူနာတင်ယာဉ်တွေ ရောက်မလာခင်မှာ မြည်းလှည်းတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ သုံးဘီးသမားတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆေးရုံတွေဆီ သယ်ဆောင်သွားပါတယ်။
IDF ဟာ ခန်ယိုးနစ်စ် အနောက်ပိုင်းရှိ အစ္စလာမ္မစ်ဂျီဟတ်ရဲ့ ရေတပ်တပ်ဖွဲ့က ကွန်မန်ဒါ တပ်မှူးတယောက်ကို တိုက်ခိုက်ခဲ့ကြောင်း IDF ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။
တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းလည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ အင်္ဂါနေ့က ဂါဇာကမ်းမြောင်ဒေသ အများအပြားမှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်ရေးသမားတွေကို တိုက်ခိုက်ခဲ့ပြီး တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်း အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိဖို့ အာရပ်ဖျန်ဖြေသူတွေနဲ့ အမေရိကန်တို့ရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားဖို့ အစ္စရေးက ဂါဇာမှာ အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပြီး အစ္စရေးကလည်း ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးပမ်းနေတာလို့ တုံ့ပြန်ထားပါတယ်။
Source-Reuters