မွန်ပြည်နယ်မှာ ဇွန်လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၆၉ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၁၀ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာ မေလအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၂၆ ယောက် ဒဏ်ရာရရှိခဲ့ကာ ၂၁ ယောက်ကို ဖမ်းဆီးခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ၆၉ ကြိမ် ကျူးလွန်ခဲ့ပါတယ်။
ဇွန်လအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးနဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးက ကျိုက်ထိုမြို့နယ်ကဖြစ်ပြီး လူထိခိုက်သေဆုံးမှု အများဆုံးက ရေးမြို့နယ်ဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) တာဝန်ခံ ကိုမင်းသံလွင်က ပြောပါတယ်။
“ဇွန်လမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၉ ကြိမ်ဖြစ်ပြီး အများဆုံးက ကျိုက်ထိုမှာ ဖြစ်ပါတယ်။ လူသူထိခိုက်မှု အများဆုံး ရေး၊ သထုံတို့ ဖြစ်တယ်။ ဇွန်လအတွင်းမှာ မွန်ပြည်နယ် မြောက်ပိုင်းမြို့တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းတို့မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်သွားတာရှိတယ်။ ဒါပေမဲ့ အရင်လတွေနဲ့စာရင်တော့ တိုက်ပွဲတွေ နည်းသွားပါတယ်။ အဲဒါကလည်း မိုးတွင်းဖြစ်တာကြောင့်လည်း ဖြစ်မယ်။ တိုက်ပွဲတွေနည်းသွားပေမဲ့ စစ်ရှောင်တွေကတော့ ဆက်ရှိနေတုန်းပါပဲ။”
တိုက်ပွဲနည်းသွားပေမဲ့ စစ်ရှောင်တိုးလာရတာဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ တကျော့ပြန်တိုက်ပွဲကြောင့် ထပ်ရှောင်ရတာနဲ့ စစ်ကောင်စီ တပ်စွဲထားတာနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေကြောင့်လို့ ဆိုပါတယ်။
ပြီးတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇွန်လအတွင်း နေအိမ် ၁၈ လုံးကျော် ထိခိုက်ပျက်စီးပြီး လူ ၂၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ရာမည ဖက်ဒရယ်အင်အားစု (NRFF) က ထုတ်ပြန်ထားပါတယ်။