Home
နိုင်ငံတကာ
အစ္စရေးနိုင်ငံသား ၅ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို EU ဒဏ်ခတ်
DVB
·
July 16, 2024
Photo - Reuters

ဥရောပသမဂ္ဂ (EU) က အစ္စရေးနိုင်ငံသား ၅ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်တယ်လို့ ဇူလိုင် ၁၅ ရက်မှာ ကြေညာပါတယ်။

အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်း ဒေသတွေမှာ ပါလက်စတိုင်းလူမျိုးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပြင်းအထန် စနစ်တကျ ကျူးလွန်မှုအတွက် သူတို့မှာ တာဝန်ရှိတယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။

ဒဏ်ခတ်ခံ စာရင်းထဲမှာ ဂါဇာကမ်း‌မြောင်ဆီ စားနပ်ရိက္ခာ၊ ရေနဲ့ လောင်စာတွေ ပေးပို့နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ တင်လာတဲ့ ကုန်ကားတွေကို ပုံမှန်ပိတ်ဆို့နေတဲ့ ဇဗီးနိုင်း အုပ်စုလည်း ပါပါတယ်။

ဒဏ်ခတ်ခံ ဘာရုချ် မာဇယ်ကတော့ ပါလက်စတိုင်းလူမျိုးတွေကို လူမျိုးတုံး ရှင်းပစ်ဖို့ ဗြောင်ကျကျ ဆော်ဩခဲ့သူလို့ EU ကြေညာချက်က ဆိုပါတယ်။

လေဟာဗာအသင်းကို တည်ထောင်သူ ခေါင်းဆောင် ဘန်ဇိုင်ယွန် ဂေါ့ပ်စတိုင်းနဲ့ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ခွင့်ပြုချက်မရှိဘဲ ကင်းစခန်း တည်ဆောက် တည်ထောင်ထားသူ အီဇာ မာနာ တို့ကိုလည်း EU က ဒဏ်ခတ်ခဲ့ပါတယ်။

ဘာသာရေးနဲ့ နိုင်ငံလုံခြုံရေးကို အကြောင်းပြပြီး အာရပ်တွေနဲ့ ဂျူးမဟုတ်တဲ့လူတွေကို ဂျူးတွေရဲ့ အတွေးအခေါ် သဘောထားအတိုင်း အံဝင်ခွင်ကျဖြစ်အောင် သွတ်သွင်းမှုကို ဆန့်ကျင်တယ်လို့ အမေရိကန်က အရင်အပတ်က ပြောရင်း ဇဗီးနိုင်း၊ ဂေါ့ပ်စတိုင်းနဲ့ မန်နေတို့ကို အမေရိကန်က ဒဏ်ခတ်ခဲ့ပြီးပါပြီ။ ဒဏ်ခတ်ခံရသူတွေဆီက မှတ်ချက်တစုံတရာ မရသေးပါဘူး။

EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ EU အဖွဲ့ဝင် နိုင်ငံတွေဆီ ခရီးသွားပိတ်ပင်ချက်နဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ကန့်သတ်တာတွေ ပါပါတယ်။

တနင်္လာနေ့စာရင်း အပါအဝင် ဥရောပသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ဒဏ်ခတ်မှုစနစ်အောက်မှာ လူ ၁၁၃ ယောက်နဲ့ အဖွဲ့အစည်း ၃၁ ခု ရှိနေပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024