ဂါဇာတောင်ပိုင်းမှာ သတ်မှတ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဇုန်ကို အစ္စရေးက စနေနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်းလူမျိုး အယောက် ၉၀ ထက်မနည်းကို သေဆုံးခဲ့ပါတယ်။
ဒါကြောင့် အောက်တိုဘာ ၇ ရက်က စတဲ့ အစ္စရေး ဟားမက်စ် ပဋိပက္ခအတွင်း သေဆုံးသူ ပါလက်စတိုင်း ၃၈,၄၄၃ ဦးအထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ခန်းယူးနစ်မြို့ အနောက်ဘက်ခြမ်းမှာ ထောင်နဲ့ချီတဲ့ အိုးအိမ်မဲ့ ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ အယ်လ်မာဝါစီ အရပ်ကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။
သေဆုံးသူ ထက်ဝက်လောက်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး တခြား ပါလက်စတိုင်း အယောက် ၃၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးကတော့ ဟားမတ်စ် စစ်ဦးစီးချုပ် မိုဟာမက် ဒီဖ်နဲ့ ဟားမတ်စ် အကြီးတန်း တပ်မှူး ရာဖှာ စာလာမာ တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အရပ်သားတွေကြားမှာ ပုန်းအောင်းနေတဲ့ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်ရေးသမား တွေရဲ့ နေရာကိုထိမှန်ဖို့ တိကျတဲ့ထောက်လှမ်းရေး သတင်းအပေါ် အခြေခံ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေငြာချက်ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ဟားမတ်စ်တို့က အစ္စရေးတို့ရဲ့ အခိုင်အမာပြောဆိုချက်တွေက မှားနေတယ်လို့ ပြောပါတယ်။
အစ္စရေးဟာ တိုက်ခိုက်ရေးပစ်မှတ်တွေကို လွဲမှားပုံဖော်ခဲ့တာ အခုအကြိမ်က ပထမဆုံးမဟုတ်ဘူးလို့လည်း ဟားမတ်စ်တွေက အလေးပေးပြောကြားခဲ့ပြီး ဒီလိုလိမ်လည်တာဟာ တိုက်ခိုက်ရေးရဲ့ စစ်မှန်တဲ့အတိုင်းအတာကို ဖုံးကွယ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံတို့က အယ်လ်မာဝါစီဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အရပ်သားတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရပ်တန့်ဖို့လည်း အီဂျစ်က တောင်းဆိုခဲ့ပါတယ်။
ဂါဇာမြို့တော်အနောက်ဘက်က တခြားနေရာရွှေ့ပြောင်းစခန်းတခုကို အစ္စရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ လူ ၁၇ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အဝိုင်းခံထားရတဲ့ နယ်မြေအတွင်း ပါလက်စတိုင်း အနည်းဆုံး ၈၈,၄၈၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters