ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ အစ္စရေးစစ်တပ်ဟာ အရပ်သားတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ပထမဆုံး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်ကို အစ္စရေးစစ်တပ်က ဇူလိုင် ၁၁ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ အသိုက်အဝန်းတွေထဲက တခုဖြစ်တဲ့ ကစ်ဘု(ထ်စ်) ဘဲရီး ရပ်ရွာပြည်သူတွေကို မကာကွယ်ပေးနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
လူပေါင်း ၁,၀၀၀ လောက်ရှိကြတဲ့ ဘဲရီး အသိုက်အဝန်း တိုက်ခိုက်ခံရမှုမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၃၂ ယောက် ဂါဇာကို ဓားစာခံအဖြစ် ခေါ်သွားခံခဲ့ရကာ သူတို့ထဲက ၁၁ ယောက် ဂါဇာမှာ ကျန်နေပါသေးတယ်။
အဲဒီစုံစမ်းစစ်ဆေးမှုမှာ ဒီနေ့ဖြစ်ပွားတဲ့ ဖြစ်ရပ်ကွင်းဆက်တွေ၊ တိုက်ပွဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အပြုအမူတွေကို စစ်ဆေးခဲ့ကြောင်း စစ်တပ်က ပြောပါတယ်။
အစ္စရေးနိုင်ငံထဲကို စစ်သွေးကြွတွေ အကြီးအကျယ် ထိုးဖောက်ဝင်ရောက်လာတဲ့ ဖြစ်ရပ်အတွက် အစ္စရေးစစ်တပ်က ကြိုတင်ပြင်ဆင်ထားခြင်း မရှိသလို အဲဒီဒေသမှာ တပ်ဖွဲ့ဝင်တွေ လုံလောက်မှုမရှိတာ၊ တိုက်ခိုက်မှုစပြီး နာရီအနည်းငယ်ကြာတဲ့ မွန်းတည့်ချိန်အထိ အဖြစ်အပျက်တွေကို ရှင်းလင်းစွာ မဖော်ပြခဲ့ဘဲ ဘဲရီးမှာ နေထိုင်သူတွေကို ကောင်းစွာ သတိမပေးခဲ့တဲ့အပြင် တိုက်ပွဲတွေကို ညှိနှိုင်းမှုမရှိခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စစ်သွေးကြွတွေက လူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ အိမ်တအိမ်ကို တင့်ကားနဲ့ ပစ်ခတ်မှုမှာတော့ အမှားရှာမတွေ့ခဲ့ဘဲ ဒါဟာ အရပ်သားတွေကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့အတွက် အစ္စရေးမှာ ဝေဖန်မှုတွေ ရှိလာခဲ့တဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်ကလည်း အောက်တိုဘာ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပျက်ကွက်မှုတွေကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ဇူလိုင် ၁၁ ရက်မှာ တောင်းဆိုလိုက်ပြီး သူကိုယ်တိုင်နဲ့ သူ့အကြီးအကဲ ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောပါတယ်။
ဒီမှတ်ချက်စကားကို နေတန်ယာဟုလည်း တက်ရောက်ခဲ့တဲ့ စစ်ဘက်အရာရှိသစ်တွေအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး ညွန့်ပေါင်းအစိုးရအတွင်းမှာလည်း တင်းမာမှုတွေရှိနေတာ ဖြစ်ပါတယ်။
အစ္စရေးဟာ ဂါဇာမှာ စစ်ပွဲဖြစ်ပွားစေခဲ့တဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အရင်က တောင်းဆိုမှုတွေကို နေတန်ယာဟုက ပယ်ချခဲ့တာဖြစ်ပြီး စစ်ပွဲပြီးမှ လုပ်ဆောင်မယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။
Source-Reuters